မက်ဆီ ပီအက်စ်ဂျီရောက်သွားတာ ပျော်တယ်လုပ်နေတဲ့ ဒင်ဟိုကို ဘာစီလိုနာ စိတ်ပျက်နေ

ဘာစီလိုနာဟာ သူတို့အသင်း သံတမန်ဖြစ်တဲ့ ကစားသမားဟောင်း ရော်နယ်ဒင်ဟိုရဲ့ မက်ဆီနဲ့ ပတ်သက်တဲ့ ပြောစကားတွေအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကြောင့် စာချုပ်သစ်မချုပ်ဆိုဖြစ်ဘဲ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့တာပါ။

ဒီလိုမျိုး မက်ဆီနဲ့ ပတ်သက်လို့ ရော်နယ်ဒင်ဟိုက “ပီအက်စ်ဂျီအတွက်ရော၊ ဘာစီလိုနာအတွက်ရော ကစားခွင့်ရတာက ကြီးကျယ်ခမ်းနားတဲ့ ပျော်ရွှင်မှုတခုပါ”

“အခု ကျနော့် ဘော်ဒါ မက်ဆီကလည်း ပီအက်စ်ဂျီ ဂျာစီကို ဝတ်ဆင်နေပါပြီ။ မက်ဆီကို ပီအက်စ်ဂျီမှာမြင်ရတာ ကျနော် အရမ်းပျော်ပါတယ်”

“ပီအက်စ်ဂျီက ကျနော့်နှလုံးသားထဲက အရေးပါတဲ့နေရာမှာ ရှိနေတဲ့ အသင်းတသင်းပါ။ မက်ဆီ ပီအက်စ်ဂျီကို ရောက်လာမယ်လို့ ကျနော်မထင်ခဲ့ပါဘူး”

“မက်ဆီတယောက် ဘာစီလိုနာမှာပဲ ကစားသမားဘဝကို အဆုံးသတ်မယ်လို့ ထင်ထားတာပါ။ ဒါက အံ့အားသင့်စရာပါ”

“ဒါပေမယ့်လည်း ကျေနပ်စရာကောင်းတဲ့ အံ့အားသင့်စရာဖြစ်ရပ်တခုပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ မက်ဆီကို ထိန်းသိမ်းဖို့ နောက်ဆုံးအချိန်ထိ ကြိုးစားခဲ့ပြီးမှ လက်လွှတ်ခဲ့ရတာကြောင့် ရော်နယ်ဒင်ဟိုရဲ့ ပြောစကားတွေအပေါ် စိတ်ပျက်နေရပါတယ်။

အထူးသဖြင့် ကလပ်သံတမန်တယောက်က အသင်းရဲ့  ပုံရိပ်တခုလိုဆိုရမယ့် ကစားသမား ဥရောပပြိုင်ဘက်ဆီ ပြောင်းသွားတဲ့အပေါ် ဝမ်းသာနေတာက မဖြစ်သင့်ဘူးလို့ ယူဆနေပါတယ်။

ရော်နယ်ဒင်ဟိုဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဘာစီလိုနာအတွက်ရော၊ ပီအက်စ်ဂျီအတွက်ပါ ကစားပေးခဲ့ဖူးပြီး ပြီးခဲ့တဲ့ (၂၀၁၇) မှာ ဘာစီလိုနာရဲ့ သံတမန်တယောက်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။