ကစားသမားဘ၀ကနားပြီး တံငါသည်အဖြစ် လုပ်ကိုင်နေတဲ့ ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်း

ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ ကွန်ထရာအို ကတော့ ကစားသမားဘ၀က အနားယူပြီးနောက် တံငါသည်အဖြစ်လုပ်ကိုင်ပြီး သူ့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ကွန်ထရာအို ဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် (၅၂)ပါ၀င်ကစားခဲ့တာဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ်သာ ရှိသေးတဲ့ ကွန်ထရာအို ဟာ ပြီးခဲ့တဲ့ရာသီက ရီယိုအေဗီး အသင်းမှာ ကစားသမားဘ၀ကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ရီးရယ်လ် အသင်းမှာ အတူတွဲကစားခဲ့တုန်းက ရော်နယ်ဒို ရဲ့ သူငယ်ချင်းကောင်းဖြစ်ခဲ့တဲ့ ကွန်ထရာအို ဟာ အခြားကစားသမားတွေနဲ့ မတူဘဲ သူ့ရဲ့အသက်မွေး၀မ်းကြောင်း ခြားနားခဲ့တာပါ။

ရော်နယ်ဒို ကတော့ အောင်မြင်မှုတွေ ထပ်မံရယူနိုင်ဖို့ ကြိုးစားနေပြီး အခု မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လည်ရောက်ရှိနေတာပါ။ကွန်ထရာအို က ပင်လယ်ပြင်မှာ အလုပ်လုပ်ပြီး သူ့ရဲ့ကိုယ်ပိုင် အိမ်မက်ကို ရှာဖွေနေတာဖြစ်ပါတယ်။

ကွန်ထရာအို ဟာ ဘောလုံးကစားနေတဲ့ အချိန်အတွင်းမှာ ပထမဆုံးလှေကို ၀ယ်ယူနိုင်ခဲ့ပြီး နစ်မြုပ်နေတဲ့ အခြားသဘောင်္က တံငါသည်(၁၅)ဦးကိုလည်း သူ့့ရဲ့လှေနဲ့ပဲ ကယ်တင်ခဲ့တာပါ။အခုအချိန်မှာတော့ သူဟာ ပင်လယ်ပြင်မှာ အချိန်ပြည့်အလုပ်လုပ်နေတာဖြစ်ပါတယ်။

ကွန်ထရာအို က “ပင်လယ်ထဲက ဘ၀ဆိုတာ လူတွေအများကြီးထင်သလို ရှက်စရာမဟုတ်ပါဘူး။ဒါကလည်း အခြားအလုပ်တခုလိုပါပဲ။ဒါတင်မကသေးဘဲ ပင်လယ်ကြီးကလည်း လှပပါတယ်။အဲ့ဒါကို ကျွန်တော်တို့ လိုအပ်ပါတယ်။ဒီမှာအလုပ်လုပ်တဲ့သူတွေအများကြီးရှိပါတယ်”

“အခြားအလုပ်လုပ်တဲ့သူတွေလိုပဲ အလုပ်အကိုင်ကိုလေးစားရပါမယ်။ပင်လယ်ကို ချစ်မြတ်နိုးပြီး ပင်လယ်ကို တွေ့ကြုံခံစားချင်တဲ့သူတွေဟာ သူတို့ရဲ့ အိမ်မက်ကို အကောင်အထည်ဖော်ဖို့ လိုပါတယ်။ဒါဟာ မျိုးဆက်သစ်တွေအတွက် အလုပ်တခုလည်းဖြစ်ပါတယ်။အဖေ့မှာ လှေရှိပြီး သူငါးသွားဖမ်းထွက်တိုင်း ငယ်ငယ်က အမြဲတမ်းလိုက်သွားခဲ့တာပါ”

“အဲ့ဒါကြောင့် ကျွန်တော့်ဘ၀က ပင်လယ်ကြီးလိုပါပဲ။ပင်လယ်ထဲသွားမယ်၊ငါးဖမ်းမယ်။ဘောလုံး ကစားသမားဘ၀ဟာ တနေ့ကုန်ဆုံးသွားမယ်ဆိုတာကို ကျွန်တော်သိထားပါတယ်။အဲ့ဒါကြောင့် ကျွန်တော့်ဘ၀ရဲ့ လမ်းကြောင်းသစ်ကို ကျွန်တော်ယူခဲ့တာပါ။အခု ကျွန်တော့်ရဲ့ ပျော်ရွှင်မှုက လှေဖြစ်ပြီး ဒါက ကျွန်တော်သွားချင်တဲ့ ဘ၀ပါပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။