ကာဗာနီ ကို ယူနိုက်တက်ကနေ ပေးထွက်မှာမဟုတ်ဘူးလို့ ပြောခဲ့တဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် အသင်း ယာယီနည်းပြ ရက်ဂ်နစ် ကတော့ တိုက်စစ်မှူး ကာဗာနီ ကို အခုရာသီကုန်တဲ့အထိ အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောလိုက်ပါတယ်။ကာဗာနီ ဟာ (၂၀၂၀) က ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းထံ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူး ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ (၂၀၂၂) ဇွန်လအထိ စာချုပ်သက်တမ်းတိုးထားတာလည်းဖြစ်ပါတယ်။ကာဗာနီ ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဘာစီလိုနာ အသင်းအပါအ၀င် အသင်းအချို့က ချိတ်ဆက်မှုတွေပြုလုပ်နေခဲ့တာပါ။

“ကျွန်တော်သူ့ကို အသင်းကနေ ပေးထွက်မှာမဟုတ်ဘူးဆိုတာသူသိပါတယ်”လို့ ရက်ဂ်နစ် က ပြောပါတယ်။အသက်(၃၄)နှစ်အရွယ်ရှိ ကာဗာနီ ဟာ နယူးကာဆယ် ကို သရေကျတဲ့ ပွဲမှာ လူစား၀င်ပြီး အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဘန်လေ အသင်းကို အနိုင်ရတဲ့ပွဲမှာလည်း ရော်နယ်ဒိုနဲ့ အတူ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ရက်ဂ်နစ် က “ကျွန်တော့်အတွက် သူက အလွန်အရေးကြီးတဲ့ ကစားသမားဖြစ်တယ်လို့ ပထမဆုံးနေ့တည်းက သူ့ကို ပြောခဲ့တာပါ။သူ့ရဲ့ပရော်ဖက်ရှင်နယ်ဆန်မှု၊အလုပ်နဲ့ ပတ်သက်တဲ့ ကျင့်၀တ်က အံသြစရာကောင်းပြီး သူ့ကို ရာသီကုန်တဲ့အထိ ဆက်ရှိစေချင်တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်”

“ဒါကို သူလည်းသိပါတယ်။ကျွန်တော်သူ့ကို အဆင့်ဘယ်လောက်သတ်မှတ်ထားပြီး ဘယ်လောက်ထိလေးစားမှု ရှိတယ်ဆိုတာကို သူသိပါတယ်။ကျွန်တော်တို့ အက်ဒီ ကို သေချာပေါက်လိုအပ်ပါတယ်။ကျွန်တော့်အတွက် တော့ အက်ဒီ ဒီမှာဆက်ရှိမယ်ဆိုတာ ရှင်းပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ကာဗာနီ ဟာ ရော်နယ်ဒို ရောက်လာပြီးနောက် ပွဲကစားခွင့် အကန့်အသတ်သာ ရရှိနေခဲ့တဲ့ အတွက် အသင်းပြောင်းဖို့ စီစဉ်နေခဲ့တာဖြစ်ပေမယ့် နည်းပြ ရက်ဂ်နစ် က သူ့ကို အဓိက ကစားသမားအဖြစ် အသုံးပြုမယ်လို့ ပြောခဲ့တာကြောင့် အသင်းမှာပဲ ဆက်ရှိဖို့ များနေတာပါ။

ကာဗာနီ ဟာ မန်ချက်စတာယူနိုက်တကိ အသင်းအတွက် ပြိုင်ပွဲစုံ(၄၉)ပွဲကစားထားပြီး (၁၉)ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။