လူကာကူကိစ္စ ဘယ်လိုဗျင်းမလဲဆိုတာကို တူဟယ်လ် လူသိရှင်ကြားပြော

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က လူကာကူနဲ့ပတ်သက်လို့ ထိပ်တိုက်ဆွေးနွေးမှာဖြစ်ပြီး ဒီအကြောင်းအရာတွေအကုန်လုံးကို မီဒီယာတွေဆီ ဖွင့်ဟနိုင်တယ်လို့ ပြောပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဥ်တွေမှာ ချဲလ်ဆီးမှာ မပျော်ဘဲ အင်တာမီလန်ကို ပြန်ချင်တဲ့အကြောင်း၊ ရီးရဲယ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့က မခေါ်လို့ ချဲလ်ဆီးကို ရောက်လာတဲ့အကြောင်း ပြောကြားခဲ့တာပါ။

ဒီအတွက် တူဟယ်လ်က မနေ့က ကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲမှာ လူကာကူကို ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ တူဟယ်လ်က “ပွဲနဲ့ အရမ်းကပ်နေချိန်မှာ ကိစ္စတွေက အရမ်းကို ဆူညံပြီး ကြီးထွားလာပါတယ်”

“ဒီတော့ ပွဲအပေါ် ပြင်ဆင်မှုတွေကို ကာကွယ်ဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် လူကာကူကိုချန်လှပ်ခဲ့တာပါ။ ကျနော်တို့ နှစ်ခါ စကားပြောပြီးပါပြီ”

“ဘာလုပ်မလဲဆိုတာကို ဆိုင်းငံ့ထားပါတယ်။ လီဗာပူးနဲ့ပွဲအတွက် အပြည့်အဝ အာရုံစိုက်ပြီး ပြင်ဆင်ချင်လို့ပါ။ ကျနော့်အမြင်ကိုပြောရရင် လူကာကူ အသင်းလူစာရင်းမှာမပါတာ ခက်ခဲနိုင်ပေမယ့် ဒါကပဲ ပိုလွယ်မယ်ထင်လို့ ဆုံးဖြတ်ခဲ့တာပါ”

“သူက ကျနော်တို့ရဲ့ ကစားသမားဖြစ်နေဆဲပါ။ နောက်ပြန်လှည့်နိုင်တဲ့ လမ်းက အမြဲတမ်းရှိပါတယ်။ ဒါကို ကျနော်တို့ တံခါးပိတ်ဆွေးနွေးမှာပါ။ ဆုံးဖြတ်ချက်ချပြီးရင် လူကာကူလည်း သိရမယ် ခင်ဗျားတို့လည်း သိကောင်းသိရမှာပေါ့”

“အခုထိတော့ ဆုံးဖြတ်ချက်မချရသေးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ မနေ့ကပွဲမှာ လူကာကူမပါဝင်ခဲ့ဘဲ ကိုင်ဟာဗက်ဇ်၊ မေဆင်မောင့်၊ ပူလီဆစ်တို့နဲ့သာ လီဗာပူးကို ပွဲထွက်ရင်ဆိုင်သွားခဲ့တာပါ။