ဒိုင်သာမကူရင် (၈၉) မိနစ်နဲ့ (၅၅) စက္ကန့်ကို တယောက်လျော့နဲ့ ကစားရမယ့် လီဗာပူး

မနေ့က ချဲလ်ဆီးနဲ့ လီဗာပူးတို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကတော့ တဖက်နှစ်ဂိုးစီသရေနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးက မာနေး၊ ဆာလာတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းမပြီးခင်မှာတင် ကိုဗာဆစ်နဲ့ ပူလီဆစ်တို့ရဲ့ ဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရတာပါ။

ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံး ဂိုးထပ်မသွင်းနိုင်တော့တာကြောင့် သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ချဲလ်ဆီး နောက်ခံလူ အက်ဇ်ပီလီကွီတာနဲ့ နည်းပြ တူဟယ်လ်တို့က ဝေဖန်ခဲ့ပါတယ်။

ပွဲစပြီး စက္ကန့်ပိုင်းအတွင်းမှာတင် မာနေးက ခေါင်းခုန်တိုက်ရင်း အက်ဇ်ပီလီကွီတာရဲ့ မျက်နှာကို တံတောင်နဲ့ ရိုက်မိခဲ့တာပါ။ ဖြစ်ရပ်က အနီကတ်ထိလောက်အောင် တော်တော်သိသာပေမယ့် ကွင်းလယ်ဒိုင်ကတော့ မာနေးကို အဝါကတ်သာပြသခဲ့တာပါ။

ဒီအပေါ်မှာ အက်ဇ်ပီလီကွီတာက “ဒါ အနီကတ်ပြသင့်တယ်ဆိုတာ ရှင်းလင်းပါတယ်။ ပွဲစပြီး (၅) စက္ကန့်လောက်ပဲရှိသေးတယ်ဆိုလည်း ကျနော် ဂရုမစိုက်ပါဘူး။ ဒါက ကွင်းတွင်း ပထမဆုံး ထိပ်တိုက်တွေ့မှုပါ”

“မာနေးက ဘောလုံးကို မကြည့်ဘဲ သူ့တံတောင်ကိုပဲ မြောက်ပြီး ဝင်လာတာပါ။ ကျနော် အရိုးသားဆုံးပြောရရင် နားမလည်ပါဘူး။ ကျနော်တို့ ခံရတဲ့ အလှည့်ဆိုရင်တော့ ဒီလိုမျိုး ဆုံးဖြတ်လေ့ရှိပါတယ်”

“အနှေးပြကွက်ကို ကျနော် ပြန်ကြည့်ပြီးပါပြီ။ ဒါက လုံးဝကို အနီကတ်ပါ” လို့ ပြောပါတယ်။ ချဲလ်ဆီး နည်းပြ တူဟယ်လ်ကလည်း “တံတောင်က မျက်နှာကို တက်ရိုက်ခဲ့တာပါ”

“စက္ကန့် (၂၀) မှာ လုပ်လုပ်၊ မိနစ် (၂၀) မှာလုပ်လုပ် ဒီဖြစ်ရပ်က အတူတူပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ မာနေးသာ အနီကတ်ထိခဲ့ရင်တော့ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အမြန်ဆုံး အနီကတ်ဖြစ်လာဖို့လည်းရှိပါတယ်။