ကားဝယ်ပြီး ဆီဖိုးမတတ်နိုင်တဲ့အဖြစ်မျိုး ကြုံနေရပြန်တဲ့ အထည်ကြီးပျက် ဘာစီလိုနာ

ဘာစီလိုနာဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့အတွက် ပြင်ဆင်အားဖြည့်မှုအနေနဲ့ မန်စီးတီး တိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ မဖွင့်ခင်တည်းက ဖာရန်တောရက်စ်ကို ခေါ်ယူနိုင်ပြီလို့ တရားဝင်ကြေညာခဲ့ပြီး ဒါဟာ နည်းပြ ဇာဗီလက်ထက် ပထမဆုံး ကစားသမားခေါ်ယူမှုလို့လည်း ဆိုရမှာပါ။

ဖာရန်တောရက်စ်ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာတို့အတွက် ဘဏ်ချေးငွေ အသုံးပြုခဲ့ရတယ်လို့လည်း မီဒီယာတွေက အတိအလင်းဖော်ပြထားပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိတော့ ဘာစီလိုနာတို့ ဖာရန်တောရက်စ်ကို အသင်းရဲ့ ကစားသမားအဖြစ် မှတ်ပုံမတင်နိုင်သေးပါဘူး။

အကြောင်းရင်းကတော့ ဘာစီလိုနာရဲ့ လစာငွေ အသုံးပြုမှု ရာခိုင်နှုန်းကြောင့်ဖြစ်ပြီး ဖာရန်တောရက်စ်ရဲ့ လစာငွေကိစ္စအတွက် ညှိနှိုင်းဆွေးနွေးနေရဆဲဖြစ်ပါတယ်။

လာလီဂါအဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ ပမာဏထက် ဘာစီလိုနာရဲ့ လုပ်ခလစာ အသုံးပြုမှုက များပြားနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီမှာလည်း မက်ဆီကို လက်လွှတ်ခဲ့ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့နွေရာသီမှာ အသစ်ခေါ်ယူခဲ့တဲ့ ဒီပိုင်း၊ အဂွေရို၊ အဲရစ်ဂါစီယာတို့ကို မှတ်ပုံတင်နိုင်ဖို့အတွက်လည်း အယ်လ်ဘာ၊ ပီကေးတို့လို စီနီယာ ကစားသမားတွေက လစာလျှော့ယူခဲ့ရပါသေးတယ်။

လက်ရှိအချိန်မှာ ဘာစီလိုနာက ကော်တင်ဟို၊ ဒမ်ဘီလီတို့လို ကစားသမားတွေကို အသင်းကနေ ရှင်းထုတ်ဖို့ ပြင်ဆင်နေပေမယ့် ဒီကစားသမားတွေကို ရောင်းချဖို့အတွက်တော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲပါ။