ဂေါ့ဒ်ဖားသားကြီး လက်ထက်မှာလည်း ဘာမှမတိုးတက်လာပါလားလို့ အပြောခံနေရတဲ့ ယူနိုက်တက်

ယူနိုက်တက်ကစားသမားဟောင်း ပေါလ်အင့်စ်က လက်ရှိ နည်းပြသစ် ရန်းနစ်ဂ်လက်ထက်မှာလည်း ယူနိုက်တက်က ဘာမှတိုးတက်မှုမရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။

ယူနိုက်တက်ဟာ မနေ့ညက ဝုလ်ဗ်ကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒါဟာ ရန်းနစ်ဂ်လက်ထက် ပထမဆုံးရှုံးပွဲလည်းဖြစ်ခဲ့တာပါ။

ယူနိုက်တက်ဟာ ရန်းနစ်ဂ်လက်ထက်မှာ တဂိုးထက် ပိုသွင်းနိုင်တဲ့ပွဲတပွဲသာရှိသေးပြီး အသင်းကစားပုံကလည်း ယေဘယျအားဖြင့် တိုးတက်မှု မရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။

အဲ့ဒါကြောင့်လည်း ပေါလ်အင့်စ်က “အရိုးသားဆုံးပြောရရင် ကျနော့်မျက်လုံးထဲတော့ ဒီအသင်းက ဘာတိုးတက်မှုမှမရှိပါဘူး”

“ဆိုးလ်ရှား အသင်းကို စစကိုင်ချင်း အချိန်ကိုတောင် သတိရပါသေးတယ်။ သူ့အတွက် အဲ့ဒီတုန်းက ပွဲစဥ်တွေက လွယ်တယ်လေ။ ကာဒစ်ဖ်တို့လို အသင်းမျိုးတွေပေါ့”

“မော်ရင်ဟို လက်ထက်မှာ ကစားသမားတွေက မပျော်မရွှင်ဖြစ်ခဲ့တယ်၊ ဆိုးလ်ရှား ရောက်လာတယ်၊ အပြောင်းအလဲအချို့လုပ်ပြီး အသင်းက ပျော်ရွှင်လာပါတယ်”

“ပြီးတော့ သူတို့ပွဲတွေကို အနိုင်ကစားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်လို အသင်းမျိုးအတွက် ရန်းနစ်ဂ် ရင်ဆိုင်နေရတဲ့ ပွဲစဥ်တွေက တော်တော်ကောင်းပါတယ်”

“ဒါပေမယ့် စွမ်းဆောင်ရည်ကတော့ ပဲလေ့စ်နဲ့ပွဲကလွဲရင် ကျန်တဲ့ပွဲတွေမှာ ပျမ်းမျှ အဆင့်ပဲရှိပါတယ်။ တကယ်ကို ပျမ်းမျှ စွမ်းဆောင်ရည်သာသာပဲရှိခဲ့တာပါ” လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ မနေ့ညက ရှုံးပွဲကြောင့် အဆင့် (၄) နေရာက အာဆင်နယ်နဲ့ (၄) မှတ်ကွာဟသွားခဲ့ပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်တောင် ခက်ခက်ခဲခဲ ရုန်းကန်ရမယ်လို့ ရန်းနစ်ဂ်က ဝန်ခံထားပါတယ်။