ကမ္ဘာ့အကောင်းဆုံး ဘာကာကိုသွားဖို့ မန်စီးတီးကို အသုံးချတယ်ဆိုတဲ့ ဖာရန်တောရက်စ်ရဲ့ ပြောစကား

လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးကနေ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တဲ့ ဖာရန်တောရက်စ်က သူ့အနေနဲ့ ဘာစီလိုနာမှာ ကစားဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

ဘာစီလိုနာဟာ ဖာရန်တောရက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်း ပေးချေခဲ့ရပြီး ကစားသမားနဲ့ ယူရို (၁) ဘီလီယံလျော်ကြေးပါဝင်တဲ့ စာချုပ်တရပ်ကိုလည်း ချုပ်ဆိုထားပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိတော့ အသင်းတွင်း လစာငွေ ထိန်းညှိမှု အဆင်မပြေသေးတာကြောင့် ဖာရန်တောရက်စ်ကို ဘာစီလိုနာ ကစားသမားအဖြစ် တရားဝင် မှတ်ပုံတင်နိုင်ခြင်းမရှိသေးပါဘူး။

ဘာစီလိုနာကို ပြောင်းရွှေ့လာတဲ့အပေါ် ဖာရန်တောရက်စ်က “ကျနော့်အတွက် ဘာစီလိုနာက အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့အသင်းတသင်းပါ။ ဒီအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းလည်းဖြစ်ပါတယ်”

“ဒီအတွက်လည်း ကျနော် မန်စီးတီးကို အသုံးချခဲ့ရတာပေါ့။ ဂွါဒီယိုလာလက်အောက်မှာ ကျနော် ပျော်ရွှင်ခဲ့ပြီး နေရာစုံကစားရင်း သင်ယူခွင့်ရရှိခဲ့ပါတယ်”

“အဲ့ဒီအသင်းမှာ ကျနော် ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတွေကို အမြဲတမ်း သတိရနေမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဖာရန်တောရက်စ်ဟာ ရာသီအစပိုင်းမှာ မန်စီးတီးအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒဏ်ရာပြဿနာကြောင့် အနားယူနေရတာပါ။

ဖာရန်တောရက်စ်က ကမ္ဘာ့အကောင်းဆုံးအသင်းကို ပြောင်းသွားတယ်ဆိုပေမယ့် ပရိသတ်တွေကတော့ ဒီကစားသမားက ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ကို ဆင်းကစားရတော့မယ်လို့ နောက်ပြောင်နေကြပါတယ်။