ရော်နယ်ဒိုက အသင်းခေါင်းဆောင်မဖြစ်သင့်ဘဲ တွမ်မီနေးပဲဖြစ်သင့်တယ်လို့ ပေါလ်အင့်စ်ပြော

ယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးအတွက် ရော်နယ်ဒိုအစား ကွင်းလယ်လူ တွမ်မီနေးကိုပဲ ခန့်အပ်သင့်တယ်လို့ အသင်းရဲ့ ကွင်းလယ်လူဟောင်း ပေါလ်အင့်စ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်မှာ လက်ရှိ အသင်းခေါင်းဆောင် မက်ဂွိုင်းရားအစား ရော်နယ်ဒိုကို အသင်းခေါင်းဆောင် လက်ပတ် ပေးသင့်တယ်လို့ဆိုနေကြတာပါ။

မနေ့က ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ပွဲမှာလည်း မက်ဂွိုင်းရား ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ရော်နယ်ဒိုက ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခဲ့ပါတယ်။

ဒါပေမယ့် ပေါလ်အင့်စ်ကတော့ “ကျနော်သာဆိုရင် တွမ်မီနေးကိုပဲ ပေးမှာပါ။ အသင်းခေါင်းဆောင်ရာထူးအတွက် ကွင်းထဲက စွမ်းဆောင်ရည်ကို အခြေခံပြီး ပေးသင့်ပါတယ်”

“တွမ်မီနေးက အသက် (၂၅) နှစ်ရှိပြီး သူ့အတွက် ကောင်းမွန်တဲ့ အချိုးအကွေ့ဖြစ်နိုင်ပါတယ်။ ဘာလို့ ရော်နယ်ဒိုကို အသင်းခေါင်းဆောင် ခန့်ရမှာလဲ?”

“ယူနိုက်တက် ရှုံးပြီးဆိုရင် ရော်နယ်ဒိုက အမြဲတမ်း ကွင်းထဲကနေ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားတာပါ။ အသင်းခေါင်းဆောင်ဆိုတာ ဥပမာတရပ်ပါ”

“တွမ်မီနေး ကစားပုံ၊ ပေးဆပ်မှုတွေကြောင့် သူ့ကိုပဲ အသင်းခေါင်းဆောင် ခန့်အပ်သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

တွမ်မီနေးဟာ ဘန်လေကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြပြီး ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပီယာလို၊ ဇီဒန်း၊ ပေါလ်စခိုးလ်တို့နဲ့တောင် ခိုင်းနှိုင်းခံခဲ့ရသေးတာပါ။

ဒါပေမယ့် ယူနိုက်တက် ကွင်းလယ်က တွမ်မီနေး၊ ဖရက်ဒ်၊ မာတစ်တို့က ဘယ်လိုပဲ တွဲဖက်ပါစေ၊ တည်ငြိမ်တဲ့ ပုံမှန်ခြေစွမ်းတခုကို ပြသနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။