အာရှဘောလွန်းဒီအောဆုက်ို (၅)နှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်

တောင်ကိုရီးယားနဲ့ စပါး အသင်းတိုက်စစ်ကစားသမား ဆွန်ဟောင်မင် ဟာ (၂၀၂၁)ခုနှစ်အတွက် အာရှအကောင်းဆုံးဘောလုံးသမားဆုကို ရရှိသွားခဲ့ပြီး ဒီဆုကို (၅)နှစ်ဆက်တိုက် ရရှိသွားခဲ့ပါတယ်။ဒီဆုကို (၂၀၁၃) က စတင်ပေးခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင် က (၇)ကြိမ် အထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

(၂၀၂၁)ခုနှစ်အတွက် မဲပေးခဲ့ရာမှာ ဆွန်ဟောင်မင် က (၂၄၂)မဲနဲ့ ပထမရရှိခဲ့တာဖြစ်ပြီး ဇင်းနစ်နဲ့ အီရန်တိုက်စစ်မှူး အဇမွန် က (၁၁၁)မဲနဲ့ ဒုတိယ၊ပေါ်တိုနဲ့ အီရန်တိုက်စစ်ကစားသမား တာရီမီ က မဲ(၉၀)နဲ့ တတိယနေရာတွေမှာ ရပ်တည်ခဲ့တာပါ။

ဆွန်ဟောင်မင် ဟာ ပြီးခဲ့တဲ့နှစ်မှာ စပါးအသင်းအတွက် (၁၇)ဂိုးသွင်းယူခဲ့ပြီး တောင်ကိုရီးယား အတွက် (၄)ဂိုးသွင်းယူနိုင်ခဲ့ကာ သူ့အတွက် အကောင်းဆုံးနှစ်တနှစ်ဖြစ်ကြောင်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အာရှအတွက် ဘောလွန်းဒီအော် အနေနဲ့ အာရှအကောင်းဆုံးဘောလုံးသမားဆုကို တရုတ်သတင်းစာ Titan Sports က (၂၀၁၃)က စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

(၂၀၁၃) က ပေးအပ်ခဲ့တဲ့ ဒီဆုကို ဂျပန်အသင်း ကစားသမား ဟွန်ဒါ က ရရှိခဲ့တာပါ။ဆွန်ဟောင်မင် ဟာ (၂၀၁၄)က စပြီး ထိပ်တန်း(၃)ဦးစာရင်းမှာ အမြဲတမ်းပါ၀င်ခဲ့တာဖြစ်ကာ (၂၀၁၄)မှာ ဒီဆုကို ပထမဆုံး အကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။

(၂၀၁၅) မှာ ဒုတိယအကြိမ်နဲ့ (၂၀၁၇)ကနေ (၂၀၂၁)အထိ (၅)နှစ်ဆက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုဟာ AFC လက်အောက်မှာရှိတဲ့ နိုင်ငံအသင်းတွေ ဒါမှမဟုတ် AFC လက်အောက်မှာရှိတဲ့ အသင်းတွေမှာ ကစားနေတဲ့ ကစားသမားတိုင်း ရရှိနိုင်တာလည်းဖြစ်ပါတယ်။

ဆွန်ဟောင်မင် ဟာ ဒီရာသီမှာလည်း စပါးအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ(၂၁)ပွဲ ပါ၀င်ကစားထားကာ (၉)ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။ဆွန်ဟောင်မင် ဟာ (၂၀၁၈) အာရှအားကစားပွဲတော်မှာ တောင်ကုရီးယားအသင်းနဲ့ ချန်ပီယံဆုရယူနိုင်ခဲ့တာပါ။

စပါးအသင်းတိုက်စစ်ကစားသမားဟာ (၂၀၂၀) က ပေးအပ်တဲ့ ဖီဖာရဲ့တနှစ်တာ အကောင်းဆုံးသွင်းဂိုးဆုဖြစ်တဲ့ ပွတ်စ်ကတ်ဆုကို ရယူနိုင်ခဲ့တာအပါအ၀င် တဦးချင်းဆုတံဆိပ်အများအပြားလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။