၂၀၂၂ ကမ္ဘာ့ဖလားမှာ ဒိန်းမတ်အတွက် ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အဲရစ်ဆန်

ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆန် ကတော့ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းမှာ ပြန်ကစားခွင့်ရဖို့က သူ့့ရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။အဲရစ်ဆန် ဟာ ယူရိုပြိုင်ပွဲမှာ ဖြစ်ခဲ့တဲ့ နှလုံးရောဂါကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ်။

အဲရစ်ဆန် ဟာ နှလုံးခုန်နှုန်းထိန်းစက်က်ို တပ်ဆင်ထားတာကြောင့် စီးရီးအေ ကလပ်အင်တာမီလန် အသင်းမှာ ကစားခွင့်မရဘဲ မကြာသေးခင်ကမှ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းထားခဲ့တာပါ။အဲရစ်ဆန် က “ကျွန်တော် ကစားချင်ပါတယ်။ဒါက ကျွန်တော့်စိတ်ထဲမှာ ရှိတဲ့အရာပါ။ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက် အိမ်မက်တခုပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ်ရုပ်သံလိုင်း DR နဲ့ တွေ့ဆုံရာမှာ အဲရစ်ဆန် က “ဘာနဲ့မှမတူဘူးလို့ ခံစားရတဲ့အတွက် ပြန်လာနိုင်မယ်ဆိုတာ အသေအချာပါပဲ။ရုပ်ပိုင်းဆိုင်ရာ အရတော့ ကျွန်တော်ဟာ အကောင်းဆုံးပုံစံမှာ ရှိနေပါပြီ။ကမ္ဘာ့ဖလားဟာ ကျွန်တော့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ပါပဲ”

“အဲ့ဒါကြောင့် ကျွန်တော်ဟာ ဘောလုံးပြန်ကစားရတော့မှာဖြစ်ပြီး တူညီတဲ့ အဆင့်အတန်းကို ပြန်ရောက်နေပြီဆိုတာကို သက်သေပြရမှာပါ။ကျွန်တော့်အိမ်မက်က နိုင်ငံအသင်းနဲ့ ပြန်လည်ပူးပေါင်းပြီး ဒိန်းမတ်အသင်းရဲ့ အိမ်ကွင်းမှာ ထပ်မံကစားရဖို့ဖြစ်ပါတယ်”

“ဒါဟာ တကြိမ်တည်းပြရမယ့် သက်သေဖြစ်ပြီး နောက်တကြိမ်ထပ်ပြီးဖြစ်မလာတော့ပါဘူး။ကျွန်တော် ရွှေဆက်သွားနိုင်တယ်ဆိုတာကို သက်သေပြချင်ပြီး နိုင်ငံအသင်းမှာ ပြန်ကစားချင်ပါတယ်လို့” ပြောခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ဆင် ဟာ အင်တာမီလန် အသင်းနဲ့ စာချုပ်ဖျက်ပြီးတည်းက ဒိန်းမတ်မှာ တဦးတည်းလေ့ကျင့်နေခဲ့တာဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက စိတ်၀င်စားနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဖင်လန်အသင်းနဲ့ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ကွင်းအတွင်း ရုတ်ရက်လဲကျသွားခဲ့တဲ့ အဲရစ်ဆန် ဟာ ပရီးမီးယားလိဂ်ကလပ်စပါးအသင်းမှာ (၇)ရာသီကြာ ကစားခဲ့ပြီး (၂၀၂၀) မှာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။