သူ့နာမည်ကို ယူနိုက်တက် ပရိသတ်တွေသီဆိုနေချိန်မှာ မျက်ရည်ဖြေမဆည်နိုင်ဖြစ်ခဲ့တဲ့ ဖီးလ်ဂျုံးစ်

ဖီးလ်ဂျုံးစ် ကတော့ ဝုလ်ဗ်စ် အသင်းကို အရေးနိမ့်တဲ့ပွဲမှာ (၂)နှစ်နီးပါးကြာဝေးကွာနေတဲ့ မန်ချက်စတာ ယူနိုက်တက် စီနီယာ ကစားသမားဘ၀ ပထမဆုံးပွဲထွက်အဖြစ်ပါ၀င်ခဲ့ပါတယ်။

ဒီပွဲရဲ့ ရလဒ်ကို မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက စိတ်ပျက်ခဲ့ပေမယ့် ဖီးလ်ဂျုံးစ်ရဲ့ တဦးချင်း စွမ်းဆောင်ရည်ကို ချီးကျုးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အသက်(၂၉)နှစ်အရွယ်ရှိနောက်ခံလူ ဟာ ပွဲအပြီး ကွင်းထဲကနေ အ၀တ်လဲခန်းထဲကို သွားတဲ့အချိန်မှာ ပရိသတ်တွေက သူ့နာမည်ကို သီဆိုကြွေးကြော်ခဲ့တာပါ။

ဒါဟာ ဖီးလ်ဂျုံးစ် ကို မျက်ရည်ကျစေခဲ့တဲ့ အရာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းက တွစ်တာမှာ လွှင့်တင်ခဲ့တဲ့ အသင်းဗီဒီယိုမှာ ဖီးလ်ဂျုံးစ် ဟာ သူ့နာမည် ကို ပရိသတ်တွေ သီဆိုနေတာကို ကြားရတဲ့ အချိန်မှာ မျက်လုံးတွေကို သုတ်နေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ ဖီးလ်ဂျုံးစ် ဟာ အဆိုပါ ပရိသတ်တွေကိုပြန်လည်တုံ့ပြန်တဲ့ အနေနဲ့ သူ့ရဲ့ ရင်ဘတ်ကို ရိုက်ခဲ့တာ ဖြစ်ပါတယ်။”ဒါဟာ (၇၁၂)ရက်ကြာအောင် ပြုလုပ်ခဲ့တဲ့ သမိုင်းမှတ်တိုင်တခုပါ။ဒါက ဖီးလ်ဂျုံးစ် အတွက် အဓိပ္ပါယ်အများကြီးရှိတယ်လို့ “မန်ချက်စတာယူနိုက်တက် အသင်းက ဗီဒီယိုနဲ့ အတူ ဒီစာသားကို ရေးသားခဲ့တာပါ။

ဒီပွဲမတိုင်ခင်က ဖီးလ်ဂျုံးစ် ဟာ (၂၀၂၀) ဇန်နဝါရီက ထရန်မီယီ အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အတွက် နောက်ဆုံးပါ၀င်ကစားခဲ့တာဖြစ်ပါတယ်။ဖီးလ်ဂျုံးစ် ဟာ ကာလကြာရှည်ဒူးဒဏ်ရာအပါအ၀င် ဒဏ်ရာအချို့ကြောင့် အသင်းအတွက် မကစားနိုင်ပဲ အနားယူနေခဲ့ရတာပါ။


ဒါပေမယ့် အင်္ဂလန်ကစားသမားဟာ ကြံခိုင်မှုပိုင်း ပြန်လည်ကောင်းမွန်လာခဲ့တဲ့အပြင် အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ မက်ဂွဲယား၊ဘိုင်းလီနဲ့ လင်ဒီလော့ဖ် တ်ို့ မပါ၀င်တာကြောင့် နည်းပြ ရက်ဂ်နစ်ရဲ့ အခွင့်အရေးပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက် အသင်းဖော် လုပ်ခ်ရှော က ဖီးလ်ဂျုံးစ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျုးသွားခဲ့ပါတယ်။(၂၀၁၁) က ဘလက်ဘန်းကနေ ရောက်ရှိလာတဲ့ ဖီးလ်ဂျုံးစ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ ပရီးမီးယားလိဂ်၊အက်ဖ်အေဖလား၊ကွန်မြူနတီဒိုင်းနဲ့ ယူရိုပါလိဂ် တို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။