ကိုဗစ်မရှိတော့လို့ ပီအက်စ်ဂျီနဲ့ ပူးပေါင်းဖို့ ပဲရစ်ကို ပြန်လာနေတဲ့ မက်ဆီ

မက်ဆီ ဟာ ကိုဗစ်ကူးစက်မှုမရှိတော့လို့ ပဲရစ်ကို ပြန်လာနေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။မက်ဆီ ဟာ အားလပ်ရက်အဖြစ် အာဂျင်တီးနားကို ပြန်ခဲ့ရာမှာ ကိုဗစ်ပိုးကူးစက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် မက်ဆီ ဟာ သီးခြားနေထိုင်ခဲ့ရတာပါ။

မက်ဆီ ဟာ ဒီဇင်ဘာ(၂၈)ရက်က ကိုဗစ်ပိုးကူးစက်ခံခဲ့ရတာဖြစ်ပြီး ပီအက်စ်ဂျီ အသင်းက ဇန်နဝါရီ(၂)ရက်မှာ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနား ကစားသမားဟာ နောက်ဆက်တွဲစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ရာမှာ ကိုဗစ်ပိုးမရှိတော့ဘူးလို့ Ole သတင်းက ဖော်ပြခဲ့ပါတယ်။

အဲ့ဒါကြောင့် မက်ဆီနဲ့ သူ့ရဲ့ မိသားစုဟာ သီးခြားနေထိုင်နေခဲ့ကြတဲ့ Funes Hills ကနေ ပြန်လည်ထွက်ခွာ လာခဲ့ကာ ကိုယ်ပိုင်ဂျတ်လေယာဉ်နဲ့ ပဲရစ်ကို ပြန်လာဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ရိုဆာရီယိုလေဆိပ်မှာ မက်ဆီ ရဲ့ပုံထွက်ပေါ်လာခဲ့တာပါ။

မက်ဆီ ဟာ လေ့ကျင့်ရေးအထောက်အကူ ပစ္စည်းတွေနဲ့အတူ ဒီဇင်ဘာ(၂၈)ရက်တည်းက သီးခြားနေထိုင်နေရတာဖြစ်ပါတယ်။ပဲရစ်ကို ပြန်ရောက်လာချိန်မှာတော့ မက်ဆီ ရဲ့ ကြံခိုင်မှုကို ပီအက်စ်ဂျီ အသင်းဆေးအဖွဲ့က အကဲဖြတ်မှာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ အခုလာမယ့် တနင်္ဂနွေမှာ လိုင်ယွန်အသင်းနဲ့ လီဂူး၀မ်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မက်ဆီ အနေနဲ့ဒီပွဲမှာ ပါ၀င်နိုင်ဖို့အဆင်သင့်ဖြစ်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။ပီအက်စ်ဂျီ အသင်းဟာ ဇန်နဝါရီ(၁၅)ရက်မှာတော့ ဘရတ်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာနဲ့ စာချုပ်ကုန်ဆုံးပြီး အလွတ်နဲ့ ရောက်ရှိလာတဲ့ မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းအတွက် (၁၆)ပွဲကစားပြီး (၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။