ဂိုးသွင်းပြီး အောင်ပွဲခံရင်း လက်ချောင်းကျိုးသွားခဲ့ရတဲ့ ချဲလ်ဆီးတိုက်စစ် ကစားသမား ဟာဗက်ဇ်

ချဲလ်ဆီး တိုက်စစ် ကစားသမား ဟာဗက်ဇ်ဟာ မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဥ်မှာ ဂိုးသွင်းအပြီး အောင်ပွဲခံရင်း ညာဘက် လက်သန်းကျိုးသွားတယ်လို့ သိရှိရပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန် (၅) မိနစ်မှာ အလွန်ဆိုရဲ့ ပေးပို့မှုကို ဟာဗက်ရဲ့ အဆုံးသတ်မှုက ပြိုင်ဘက် စပါး နောက်ခံလူ ဒေဗာဆင်ဆန်းချက်ဇ်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာပါ။

ဒါပေမယ့် ကံကဆိုးချင်တော့ အောင်ပွဲခံရင်းနဲ့ပဲ ဟာဗက်ဇ်တယောက် အခုလိုပဲ ညာဘက် လက်သန်းလေး ကျိုးသွားခဲ့ရတာဖြစ်ပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ဟာဗက်ဇ်အနေနဲ့ ဒီဒဏ်ရာရရှိခဲ့ပေမယ့် ပထမပိုင်းပြီးတဲ့အထိ ဆက်ကစားခဲ့ပြီး ဒုတိယပိုင်းမှာတော့ နည်းပြတူဟယ်လ်က ဟာဗက်ဇ်ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟာဗက်ဇ်နေရာ ဝင်လာတဲ့ ကစားသမားကတော့ ဒီဇင်ဘာ (၁၁) နောက်ပိုင်း ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး တီမိုဗာနာဖြစ်ပါတယ်။

ချဲလ်ဆီး နည်းပြ သောမတ်စ်တူဟယ်လ်ကလည်း ဟာဗက်ဇ် လက်ချောင်းကျိုးသွားခဲ့တာကို အတည်ပြုပေးခဲ့ပါတယ်။

ချဲလ်ဆီးဟာ နောက်ထပ် ပွဲစဥ်တပွဲအဖြစ် ချက်စတာဖီးလ်နဲ့ အက်ဖ်အေဖလား ပွဲစဥ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲစဥ်မှာတော့ ဟာဗက်ဇ်ကို အနားပေးထားဖွယ်ရှိပါတယ်။

စပါးနဲ့ ပွဲမတိုင်ခင်မှာလည်း ချဲလ်ဆီးရဲ့ အဓိက,ကစားသမားတွေဖြစ်တဲ့ ကန်တေနဲ့ သီယာဂိုဆေးလ်ဗားတို့ ကိုဗစ် ကူးစက်ခံခဲ့ရတယ်လို့လည်း သိရှိရပါတယ်။