ဆာလာနဲ့မာနေးမရှိရင် ပွဲမကန်ရဲဘူးလားလို့ မေးခံနေရတဲ့ လီဗာပူး

လီဗာပူးဟာ ဒီညမှာ ကစားမယ့် အာဆင်နယ်နဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဥ်ကို အသင်းရဲ့ ကိုဗစ်ဖြစ်ပွားမှု ပြဿနာကြောင့် ရွှေ့ဆိုင်းဖို့ စာတင်ခဲ့ပါတယ်။

လီဗာပူးရဲ့ ဒီတောင်းဆိုမှုကို ပရီးမီးယားလိဂ်ကလည်း လက်ခံခဲ့ပြီး ဒီပွဲစဥ်ကို ရွှေ့ဆိုင်းပေးခဲ့ပြီးဖြစ်ပါတယ်။

လီဗာပူးဟာ ချဲလ်ဆီးနဲ့ မကစားခင်တည်းက ဂိုးသမား အယ်လစ်ဆန်၊ နောက်ခံလူ မာတစ်ပ်၊ တိုက်စစ်ကစားသမား ဖေမီနိုတို့ ကိုဗစ် ကူးစက်ခံခဲ့ရတာပါ။

ဒါ့အပြင် နည်းပြကလော့ပ်ကလည်း ကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် ချဲလ်ဆီးနဲ့ပွဲကို မကိုင်တွယ်ဖြစ်ခဲ့ပါဘူး။

လက်ရှိအချိန်မှာ ချဲလ်ဆီးနဲ့ပွဲကို ကိုင်တွယ်ခဲ့တဲ့ ကလော့ပ်ရဲ့ လက်ထောက်လည်း ကိုဗစ်ဖြစ်နေတဲ့အပြင် အသင်းတွင်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေတာပါ။

ဒါ့အပြင် အသင်းတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာ၊ မာနေးတို့ကိုလည်း အာဖရိကဖလားပြိုင်ပွဲအတွက် စေလွှတ်ပေးခဲ့ရပါတယ်။

အဲ့ဒါကြောင့် အာဆင်နယ်ပရိသတ်အချို့ကတော့ လီဗာပူးအနေနဲ့ အာဆင်နယ် ပုံစံကောင်းပြနိုင်ချိန်မှာ အဓိက,ကစားသမားတွေပါ မပါနိုင်လို့ ပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တယ်လို့ လှောင်ပြောင်နေကြပါတယ်။

ဒါပေမယ့် ဒါက ပရိသတ်အချင်းချင်းကြား လှောင်ပြောင်မှုတခုသပ်သပ်သာဖြစ်ပြီး ပြန်ကန်ပွဲကစားမယ့် အချိန်မှာလည်း ဆာလာနဲ့ မာနေးတို့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။

အာဖရိကဖလားပြိုင်ပွဲကို မကြာခင် ကျင်းပတော့မှာဖြစ်ပြီး လီဗာပူးအနေနဲ့ သူတို့ရဲ့ အဓိက,ကစားသမားတွေကို မလွှတ်ချင်၊ လွှတ်ပေးလိုက်ရတဲ့အပြင် အခုလည်း ကိုဗစ်ပြဿနာတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။