ဝုလ်ဗ်ကို ကွင်းထဲမှာမနိုင်ရင် ကွင်းပြင်မှာ နိုင်စားဖို့ ကြံစည်လာတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ တနင်္လာညက ဝုလ်ဗ်ကို အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ခက်ခဲတဲ့ အချိန်ကာလတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရပါတယ်။

ဒီပွဲမှာ ဝုလ်ဗ်က ကွင်းလယ်လူ မော်တင်ဟိုရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီရှုံးပွဲကြောင့် ယူနိုက်တက်တို့ လက်ရှိအချိန်မှာ ဝေဖန်မှုတွေအောက် ရောက်ရှိနေတာပါ။

ဒါပေမယ့် တဖက်မှာတော့ ဇန်နဝါရီ အပြောင်းအရွှေ့ ဖွင့်လှစ်ထားပြီဖြစ်တာကြောင့် ယူနိုက်တက်တို့ ဝုလ်ဗ် ကွင်းလယ် ကစားသမားကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

ဝုလ်ဗ်ကွင်းလယ်လူ ရူဘင်နီဗက်စ်ဟာ ယူနိုက်တက်ရဲ့ ကာလရှည် ပစ်မှတ် ကစားသမားဖြစ်ခဲ့ပြီး ဒီကစားသမားအတွက် ပေါင် (၃၅) သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်လာတာပါ။

နည်းပြရန်းနစ်ဂ်ဟာ ကွင်းလယ် ကစားသမား တယောက် ခေါ်ယူဖို့ ဆန္ဒရှိနေပြီး အခုလိုပဲ နီဗက်စ်ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

နီဗက်စ်ဟာ ဝုလ်ဗ်နဲ့ စာချုပ်သက်တမ်း (၂) နှစ် ကျန်ရှိနေပြီး ကစားသမားကိုယ်တိုင်က ဝုလ်ဗ်မှာ ပျော်ရွှင်နေပေမယ့် စာချုပ်သစ် ချုပ်မယ့် အလားအလာမရှိတာကြောင့် အသင်းက ထွက်ခွာဖွယ်ရှိပါတယ်။

အသက် (၂၄) နှစ်အရွယ် ဒီကစားသမားအတွက်တော့ ဝုလ်ဗ်က ပေါင်သန်း (၄၀) အနည်းဆုံး အလိုရှိနေပြီး ယူနိုက်တက် ကမ်းလှမ်းလိုတဲ့ ပမာဏနဲ့ (၅) သန်း ကွာဟနေတာကြောင့် နီဗက်စ်ကို အမှန်တကယ် ခေါ်ယူနိုင်မလား စောင့်ကြည့်ရပါလိမ့်မယ်။