နောက်ထပ်ခန့်မယ့်နည်းပြကပါ ဂဂျိုးဂဂျောင်ဆိုရင်တော့ တကယ်လစ်တော့မယ့် ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ နွေရာသီမှာ အသစ်ခန့်အပ်မယ့် နည်းပြနဲ့ ပတ်သက်လို့ စောင့်ကြည့်သွားမှာဖြစ်ပြီး နည်းပြသစ်ကပါ အဆင်မပြေရင်တော့ အသင်းကနေ ထွက်ခွာသွားမယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ရန်းနစ်ဂ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး အဲ့ဒီနောက်မှာတော့ အမြဲတမ်း နည်းပြတယောက်ကို ခန့်အပ်မှာပါ။

ယူနိုက်တက်နည်းပြသစ်နေရာအတွက် ဘရန်ဒန်ရော်ဂျာ၊ ပိုချက်တီနို၊ အဲရစ်တန်ဟက်ခ်တို့ သတင်းထွက်နေပြီး လတ်တလောမှာတော့ အဲရစ်တန်ဟက်ခ်က ယူနိုက်တက်ရဲ့ ဦးစားပေးပစ်မှတ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ရော်နယ်ဒိုကတော့ ဆိုးလ်ရှားလက်ထက်မှာတည်းက မပျော်မရွှင်ဖြစ်ခဲ့ပြီး အခု နည်းပြ ရန်းနစ်ဂ်လက်ထက်မှာလည်း ပုံမှန် ပွဲထွက်ခွင့်ရနေသည့်တိုင် ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

မကြာခဏဆိုသလို အသင်းကပြန်ထွက်ဖို့ သတင်းတွေပြေးနေတဲ့ ရော်နယ်ဒို အခုလည်း နည်းပြသစ် အခြေအနေကို စောင့်ကြည့်ဦးမှာဖြစ်ပြီး အဲ့ဒီနောက်မှ အသင်းမှာဆက်ရှိ၊ မရှိ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

လက်ရှိ ယူနိုက်တက်ရဲ့ စီအီးအိုနေရာကို ရစ်ချက်အာနိုးလ်က တာဝန်ယူလိုက်ပြီဖြစ်ပြီး ရော်နယ်ဒိုကတော့ နည်းပြသစ်ခန့်အပ်ရေးမှာ အရေးပါတဲ့ နေရာက ရှိလာခဲ့ပါပြီ။

လက်ရှိ နည်းပြ ရန်းနစ်ဂ်လက်ထက်မှာ ယူနိုက်တက် ကစားသမားတွေ မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပြီး အထူးသဖြင့် ရန်းနစ်ဂ် ခန့်အပ်ထားတဲ့ လက်ထောက်နှစ်ယောက်ဖြစ်တဲ့ ခရစ္စအာမတ်စ်နဲ့ အီဝမ်ရှပ်တို့အပေါ် ကစားသမားတွေက စိတ်တိုင်းမကျဖြစ်နေတာပါ။

ဒါ့အပြင် အသင်းက ထွက်ခွာချင်တဲ့ ကစားသမားအရေအတွက်ကလည်း (၁၁) ယောက်ကနေ အခုချိန်မှာတော့ (၁၇) ယောက်အထိ ရှိလာပြီလို့ သိရှိရပါတယ်။