တခြားအသင်းတွေရော၊ မန်ယူဖန်တွေပါ မျက်ရည်ကျမယ့် လုပ်ခလစာကို ရဖို့ရှိနေတဲ့ ပေါ့ဘာ

ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာကို အသင်းဘက် နောက်ဆုံး တကြိမ် ကမ်းလှမ်းမှု ပြုလုပ်မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။

ပေါ့ဘာရဲ့ စာချုပ်သက်တမ်းက နောက်ဆုံး (၆) လအတွင်းကို ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် တစုံတရာ သဘောတူညီမှုမရရှိသေးပါဘူး။

ပေါ့ဘာကို စာချုပ်သစ်ချုပ်ဖို့ ယူနိုက်တက်တို့ ဆက်တိုက် ကြိုးစားခဲ့ပေမယ့် ပေါ့ဘာဘက်က ဒီစာချုပ်မှာ လက်မှတ်ထိုးဖို့ အချိန်ဆွဲခဲ့ပြီး အခုချိန်ထိလည်း လက်မှတ်မထိုးရသေးတာပါ။

ပေါ့ဘာအတွက် ရီးရဲယ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်တို့က စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိအချိန်မှာ ဒီကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းက မရှိသလောက်ဖြစ်သွားပါပြီ။

ယူနိုက်တက်ဟာ အရင်တည်းက ပေါ့ဘာအတွက် အပိုဆုကြေးအပါအဝင် တပတ်လုပ်ခ ပေါင် (၄) သိန်းနဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အပိုဆုကြေးမပါဘဲ အသားတင်တပတ်လုပ်ခ ပေါင် (၄) သိန်းရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် အပိုဆုကြေးတွေအပါအဝင်နဲ့ဆိုရင် တပတ်လုပ်ခ ပေါင် (၅) သိန်းအထိ ရှိလာနိုင်ပြီး ဒါဟာ ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ အသင်းတွေရဲ့ ကမ်းလှမ်းနိုင်စွမ်းထက် အပြတ်အသတ် သာလွန်နေတာပါ။

ယူနိုက်တက်ပရိသတ်အချို့ကတော့ ပေါ့ဘာရဲ့ အမူအကျင့်ကြောင့်ရော၊ ကစားသမားရဲ့ အေးဂျင့် ရွိုင်အိုလာရဲ့ အပြုအမူတွေကြောင့်ရော ပေါ့ဘာကို အသင်းမှာ ဆက်လက်မြင်တွေ့လိုတဲ့ ဆန္ဒမရှိပါဘူး။