ရည်မှန်းချက်ကြီးတဲ့ ကစားသမားဖြစ်တာကြောင့် အာဆင်နယ်ကိုငြင်းမယ့် ကြယ်ပွင့်တိုက်စစ်မှူး

အီတလီ စီးရီးအေကလပ် ဖီအိုရင်တီးနားရဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ကို အာဆင်နယ်က ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေပေမယ့် ကစားသမားကတော့ ရည်မှန်းချက် ပိုမိုကြီးမားတဲ့ အသင်းကိုသာ ပြောင်းရွှေ့လိုနေပါတယ်။

အသက် (၂၁) နှစ်အရွယ် အဆိုပါ ဆာဘီးယား တိုက်စစ်မှူးဟာ စီးရီးအေမှာ ရော်နယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီတည်းက ထိပ်တန်းအသင်းတွေရဲ့ စောင့်ကြည့်ခံ ကစားသမားဖြစ်လာခဲ့တာပါ။

အာဆင်နယ်ကလည်း လာကာဇက်၊ အူဘာမီးယန်းတို့ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဗလာဟိုဗစ်ကို အထူးစိတ်ဝင်စားခဲ့ပြီး ဖီအိုရင်တီးနားနဲ့တောင် သဘောတူညီမှုတွေရရှိခဲ့ပြီးပါပြီ။

ဖီအိုရင်တီးနားဟာ ကစားသမားကို ဆက်ထိန်းထားဖို့ ကြိုးစားခဲ့ပေမယ့် ဗလာဟိုဗစ်က အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တာကြောင့် စောစောစီးစီး ရောင်းထုတ်ဖို့ စီစဥ်ခဲ့တာပါ။

ဒါပေမယ့် ဗလာဟိုဗစ်ရဲ့အေးဂျင့်က အာဆင်နယ်ရဲ့ ဆက်သွယ်မှုကို အရေးမလုပ်သလို ကစားသမားကိုယ်တိုင်ကလည်း ရည်မှန်းချက်ပိုကြီးတဲ့ အသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ အီတလီ သတင်းရင်းမြစ်တွေကဆိုပါတယ်။

ယူနိုက်တက်၊ စပါး၊ ဂျူဗင်တပ်စ်တို့ကလည်း ဗလာဟိုဗစ်ကို ဆက်သွယ်နေတယ်လို့ သတင်းထွက်နေပြီး ဒီကစားသမားဟာ လက်ရှိ ဘောလုံးရာသီမှာ ဖီအိုရင်တီးနားအတွက် (၂၂) ပွဲ ကစား၊ (၁၈) ဂိုး သွင်းယူပေးထားတာပါ။

ကစားသမားကိုယ်တိုင်ကတော့ လတ်တလောမှာ ဖီအိုရင်တီးနား လာမယ့်ရာသီအတွက် ဥရောပဝင်ခွင့်ရဖို့အတွက်သာ အာရုံစိုက်ထားတယ်လို့ဆိုပြီး သူ့ရဲ့အနာဂတ် ဘာတွေဖြစ်မလဲဆိုတာကို ဘုရားပဲသိလိမ့်မယ်လို့ ပြောကြားထားပါတယ်။