မန်စီးတီးပိုင်ရှင်တွေ ဇရှိရင် မိုချန်ကိုဝယ်ပြီး ဘိုင်ယန်ကိုအနိုင်ကျင့်ပါလားလို့ အာဆင်နယ်ဖန်ပြောကြား

မန်စီးတီးက အာဆင်နယ်ကို ပြီးခဲ့တဲ့အပတ်မှာ အငြင်းပွားဖွယ် အနိုင်ရခဲ့ပြီးတဲ့နောက် အာဆင်နယ်ပရိသတ်တွေကတော့ ဒိုင်လူကြီးကို မန်စီးတီးကိုပါ ပေါက်ကွဲနေကြပါတယ်။

အဲ့ဒီပွဲမှာ အာဆင်နယ်တို့ ဦးဆောင်ဂိုးရခဲ့ပေမယ့် ရသင့်တဲ့ ပင်နယ်တီတလုံး မျက်ကွယ်ပြုခံခဲ့ရသလို ပင်နယ်တီပြန်ပေးခဲ့ရပြီး တယောက်ပါ အထုတ်ခံခဲ့ရပါတယ်။

အဲ့ဒီနောက် မန်စီးတီးတို့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေရရှိသွားခဲ့ပြီး အာဆင်နယ်တို့ အနိုင် (၃) မှတ် ဓားပြတိုက်ခံခဲ့ရတာပါ။

ဒီပွဲအပေါ်မှာ အာဆင်နယ်ပရိသတ်လည်းဖြစ်၊ ဟာသသရုပ်ဆောင်လည်းဖြစ်တဲ့ အလန် ဒေးဗီးစ်က အခုလိုပဲ ပြောကြားလာပါတယ်။

ဒေးဗီးစ်က “ကျနော်တို့ ပရီးမီးယားလိဂ်မှာ မန်စီးတီးရဲ့ အငွေ့အသက်တွေပဲရှိပါတော့တယ်။ ကျနော်ကတော့ သူတို့ တခြားလိဂ်မှာ အသင်းတသင်းကို ဝယ်ဖို့ ဆုတောင်းပါတယ်”

“မိုချန်ဂလာဘတ်ကိုဝယ်ပြီး ဘိုင်ယန်မြူးနစ်ကို ကျော်တက်ပြပါလား။ အဲ့ဒါမျိုးကို ဘွန်ဒက်စ်လီဂါမှာ သွားလုပ်ကြည့်လေ။ အဲ့ဒါမျိုး လုပ်ကြည့်လိုက်စမ်းပါ”

“တခြားအသင်းကိုဝယ်လိုက်။ ပရီးမီးယားလိဂ်က ထွက်သွားပါတော့။ ငါတို့အတွက် မင်းတို့ရဲ့ ပိုက်ဆံတွေ မလိုအပ်ဘူး။ ဂွါဒီယိုလာရဲ့ ဥာဏ်ကြီးရှင်လိုလို ကစားကွက်တွေ ဘာတွေလုပ်မနေနဲ့”

“တကယ့်ကို အံ့သြဖို့ ကောင်းတဲ့လူတွေ။ ပရီးမီးယားလိဂ်က ထွက်သွားကြ။ အခု မင်းတို့ကို ပရီးမီးယားလိဂ်က အလိုမရှိတော့ဘူး။ မန်စီးတီးကို ရောင်းပြီး လစ်ကြတော့”

“မင်းတို့ ဒီပရီးမီးယားလိဂ်မှာ ပျော်ခဲ့ပြီးပြီးပဲ။ ဝေးဝေးဒိုးလိုက်တော့။ ဘယ်သူမှလည်း မင်းတို့ရဲ့ ရေနံပိုက်ဆံတွေကို မလိုချင်ဘူး၊ မြင်လည်း မမြင်ချင်ဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။