တချိန်ကအသင်းဖော်ကို တပည့်ကျော်အဖြစ်ပြန်ခေါ်ပြီး ကြမ်းဖို့ သေချာသွားတဲ့ ဂျရတ်

အက်စတွန်ဗီလာဟာ ဘာစီလိုနာမှာ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမား ကော်တင်ဟိုကို အငှားနဲ့ ခေါ်ယူလိုက်ပြီလို့ အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီကစားသမားဟာ ဘာစီလိုနာမှာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် ရုန်းကန်နေရတာဖြစ်ပြီး ဘာစီလိုနာကလည်း အသင်းရဲ့ လစာငွေ ပေးချေမှုတွေကို လျှော့ချဖို့ အခုလိုပဲ ကော်တင်ဟိုကို အငှားချခဲ့တာပါ။

လီဗာပူး ကစားသမားဟောင်း ကော်တင်ဟိုကတော့ ပရီးမီးယားလိဂ်ကို တကျော့ပြန် အခြေချလာခဲ့တာဖြစ်ပြီး တချိန်က လီဗာပူးမှာ အသင်းဖော်အဖြစ် တွဲကစားခဲ့ဖူးတဲ့ ဂျရတ်နဲ့လည်း ဆရာတပည့် ဆက်ဆံရေးမျိုး ပြန်လည် ဆုံစည်းရတော့မှာပါ။

နယူးကာဆယ်၊ အဲဗာတန်တို့ကလည်း စိတ်ဝင်စားနေတဲ့ ကော်တင်ဟိုကိုရဖို့ ဗီလာတို့ အပူတပြင်း ကြိုးစားခဲ့ရပြီး လက်ရှိအချိန်မှာတော့ နာမည်ကျော် ဂျာနယ်လစ် ရိုမာနို ကိုယ်တိုင်က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာအနေနဲ့ ကော်တင်ဟိုကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူမှာဖြစ်ပြီး ကစားသမားရဲ့ အဓိက လစာငွေပမာဏကို ပေးချေသွားမယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ သက်ဆိုင်သူတွေအားလုံး တိုက်ရိုက်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အဲ့ဒီနောက်မှာပဲ အခုလို တရားဝင်သဘောတူညီမှုရရှိခဲ့တာပါ။

ဗီလာဟာ ဂျရတ်ကိုင်တွယ်ပြီးနောက်ပိုင်း ပုံစံကောင်းတွေပြသဖို့ တာဆူနေတဲ့ အသင်းတသင်းဖြစ်ပြီး အခုချိန်မှာလည်း ဂျရတ်စိတ်ကြိုက် ကော်တင်ဟိုကို ခေါ်ယူနိုင်ခဲ့တာကြောင့် ကော်တင်ဟိုတယောက် တကျော့ပြန် ပရီးမီးယားလိဂ် ခရီးလမ်းမှာ ဘာတွေ လုပ်ပြဦးမလဲ စောင့်ကြည့်ရတော့မှာပါ။