မင်းတို့ကောင်တွေ မပျော်လည်း ပရော်ဖက်ရှင်နယ်တော့ဆန်ကြလို့ ပြောလိုက်တဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် အသင်း ယာယီနည်းပြ ရက်ဂ်နစ် က ကစားသမားတွေ အနေနဲ့ အသင်းမှာ မပျော်ရွှင်လည်း ပရော်ဖက်ရှင်နယ်ဆန်ဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။ကစားသမား အများအပြားဟာ အိုးထရက်ဖိုဒ့်မှာ မပျော်ရွှင်ဘူးဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

တိုက်စစ်မှူး မာရှယ်ကလည်း အသင်းက ထွက်ခွာဖို့တောင်းဆိုထားပြီး ဆီဗီလာနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။လင်ဂတ်၊ဗန်ဒီဘိခ်၊ဟန်ဒါဆန်၊မာတာနဲ့ ဘိုင်းလီ တို့ကလည်း သူတို့အတွက် ပွဲကစားချိန်နည်းပါးနေမှုအပေါ်မှာ အလွန်စိတ်ပျက်နေကြတာပါ။

မာတာ၊ပေါ့ဘာနဲ့ ကာဗာနီ တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။အသင်းကစားသမားတွေဟာ ဝုလ်ဗ်စ် ကို အရေးနိမ့်တဲ့ ပွဲစဉ်အပြီးမှာ စည်းလုံးမှုပြိုကွဲနေသလို အဝတ်လဲခန်းမှာလည်း ဆက်ဆံရေးတွေတင်းမာနေတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

ဆိုးလ်ရှား နေရာမှာ ယာယီနည်းပြအဖြစ် ဝင်ရောက်လာခဲ့တဲ့ ရက်ဂ်နစ် က ကစားသမားတွေကို (၂)ပတ် ဒါမှမဟုတ်(၃)ပတ်တကြိမ် စကားပြောဖို့ ကြိုးစားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ရက်ဂ်နစ် က ” ကျွန်တော်တို့မှာ ကြီးမားတဲ့ လူစာရင်းရှိပါတယ်။အသင်းမှာ ကစားသမားတွေ အများကြီးရှိပြီး ကွင်းထဲမှာ (၁၀)ယောက်ပဲ ကစားရမှာဖြစ်သလို လူစားလဲခွင့်ကလည်း (၃)ယောက်ပဲရတာပါ။အဲ့ဒါကြောင့် ကွင်းထဲမှာ မကစားရတဲ့ ကစားသမားတွေအများကြီးရှိမှာပါ”

“ကစားသမားတွေက ဒါကို မကျေနပ်ဘူးဆိုတာ ရှင်းသလို သိလည်းသိသာပါတယ်။နွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် ကစားသမားတွေရှိပါတယ်။စာချုပ်ရှိပေမယ့် ထွက်ခွာချင်တဲ့ ကစားသမားတွေလည်း တဦး ဒါမှမဟုတ် ၂ဦးလည်းရှိမှာပါ။

“ကစားသမားတွေအနေနဲ့ ဒီအခြေအနေကို ပရော်ဖက်ရှင်နယ် နည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းရမှာပါ။ကစားသမားတွေလည်း ပြောတဲ့အတိုင်းလုပ်နေပါတယ်။ဒီလိုမဟုတ်ရင် ကစားသမားတွေကို တိုက်ရိုက်ပြောမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။