ဂျာစီဝတ်ပြီး ဓာတ်ပုံစရိုက်တည်းက လွဲနေတဲ့ ထရစ်ပီယာကို နယူးကာဆယ် ပရိသတ်တွေ ဝိုင်းနောက်ပြောင်

နယူးကာဆယ် ပရိသတ်တွေဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ညာနောက်ခံလူ ထရစ်ပီယာနဲ့ ပတ်သက်လို့ နောက်ပြောင်ပြောကြားနေကြပါတယ်။

ထရစ်ပီယာဟာ စပါးနဲ့အတူ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတယောက်ဖြစ်ပြီး နယူးကာဆယ်ကို မပြောင်းခင် အက်သလက်တီကိုမှာ ကစားခဲ့တာပါ။

နယူးကာဆယ်ဟာ ပေါင် (၁၂) သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ထရစ်ပီယာက နယူးကာဆယ်ရဲ့ တရားဝင် ကစားသမားဖြစ်နေခဲ့ပါပြီ။

ဒါပေမယ့် ထရစ်ပီယာအနေနဲ့ နယူးကာဆယ် ဂျာစီဝတ်ဆင်ပြီး ပထမဆုံး ဓာတ်ပုံအရိုက်ခံချိန်မှာပဲ အလွဲအမှားဖြစ်ခဲ့ပြီး ဒီအပေါ်မှာ နယူးကာဆယ် ပရိသတ်တွေက ဓာတ်ပုံတွေ၊ မှတ်ချက်တွေနဲ့ နောက်ပြောင်နေတာပါ။

ထရစ်ပီယာအနေနဲ့ ဂျာစီရင်ဘတ်ပေါ်က နယူးကာဆယ် တံဆိပ်ကို လက်ညှိုးနဲ့ ထောက်ပြရာမှာ နေရာလွဲချော်နေခဲ့တာဖြစ်ပြီး ပရိသတ်တယောက်ကတော့ “ထရစ်ပီယာရဲ့ ဖြတ်တင်ဘောတွေမှာတော့ ဒီထက်ပိုတိကျဖို့ မျှော်လင့်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

အခြားပရိသတ်တယောက်ကတော့ “ ထရစ်ပီယာ လက်နဲ့ ထောက်ပြနေတဲ့ နေရာက နောက်ရာသီကျရင် ချန်ပီယံရှစ်လိုဂိုထားရမယ့်နေရာ” ဆိုပြီး နယူးကာဆယ် တန်းဆင်းရမယ်လို့ သွယ်ဝိုက်နောက်ပြောင်ခဲ့ပါတယ်။

ထရစ်ပီယာဟာ နယူးကာဆယ်ကို ပိုင်ရှင်အသစ်က လက်လွှဲဝယ်ယူပြီးနောက်ပိုင်း ပထမဆုံး ကစားသမားခေါ်ယူမှုဖြစ်ခဲ့ပြီး နယူးကာဆယ်ကတော့ လက်ရှိ ဆောင်းရာသီအပြောင်းအရွှေ့မှာပဲ နောက်ထပ် ကစားသမားတွေကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။