ထိုင်းလိဂ်၂ အဖွင့်ပွဲမှာ ပရိသတ်တွေ သဘောကျစေမယ့် ခြေစွမ်းမျိုးပြနိုင်ခဲ့တဲ့ မောင်မောင်လွင်

မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင် ကတော့ လမ်ပန်ဝါရီယာ အသင်းက ကာစတန် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ထိုင်းလိဂ်(၂)ပွဲမှာ လမ်ပန်ဝါရီယာ အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ပရိသတ်တွေ သဘောကျစေမယ့် ခြေစွမ်းမျိုးကို ပြသသွားနိုင်ခဲ့ပါတယ်။

မောင်မောင်လွင် အတွက်တော့ ဒီပွဲဟာ သူ့ရဲ့ကစားသမားဘဝ ပထမဆုံးထိုင်းလိဂ်(၂)ပွဲစဉ်ဖြစ်ခဲ့ပေမယ့် အသင်းဖော်တွေနဲ့နားလည်မှုရှိရှိ တွဲဖက်ကစားနိုင်ပြီး အသင်းရရှိတဲ့(၂)ဂိုးလုံးမှာ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။

လမ်ပန်ဝါရီယာ အသင်းရရှိခဲ့တဲ့ ပထမဂိုးမှာ မောင်မောင်လွင် ဟာ အသင်းဖော်ရဲ့ပြေးလမ်းကြောင်းထဲကို ဘောလုံးခင်းပေးခဲ့တာဖြစ်ပြီး ဒါကို ကစားသမားက ဧရိယာအပြင်ဘက်ကနေ အပြင်းကန်သွင်းယူခဲ့တာပါ။

ဒုတိယဂိုးမှာလည်း မောင်မောင်လွင်ရဲ့ကန်သွင်းချက်ကို ဂိုးသမား ပုတ်ထုတ်ခဲ့ရာမှာ ပြန်ထွက်လာတဲ့ ဘောလုံးကို အသင့်ရှိနေတဲ့ ကစားသမားက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

မောင်မောင်လွင် ကလည်း ဒီပွဲမှာ သူ့ရဲ့ပထမဆုံးဂိုးကို ရယူနိုင်ဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် ပြိုင်ဘက်နောက်ခံလူနဲ့ ဂိုးသမား ကောင်းခဲ့လို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။မောင်မောင်လွင် ကတော့ ပွဲဦးထွက်မှာတင် အသင်းနည်းပြ၊အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ယုံကြည်မှုကို ရယူနိုင်ခဲ့တာပါ။

ထိုင်းလိဂ်ထွက်ကစားနေတဲ့ မြန်မာ ကစားသမားတွေထဲမှာ လစာအများ‌ဆုံးရ‌တဲ့ ကစားသမားဖြစ်တယ်လို့ သိရတဲ့ မောင်မောင်လွင် ကတော့ ဒီပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် လာမယ့် ပွဲတွေမှာလည်း နေရာရဖို့ သေချာသလောက်ရှိနေခဲ့တာဖြစ်ပါတယ်။

လမ်ပန်ဝါရီယာ အသင်းကလည်း ဒီပွဲအနိုင်ကြောင့် လာမယ့်နှစ် ထိုင်းလိဂ်(၁)ကို တန်းတက်နိုင်ဖို့ အတွက် မျှော်လင့်ချက်တွေ ပိုမိုရှင်သန်လာခဲ့တာဖြစ်ပါတယ်။