အသင်း ရလဒ်မကောင်းတာ ငါလည်း စိတ်ညစ်လာပြီကွာလို့ ထပြောလာတဲ့ ကပ္ပတိန်ခေါင်းကြီး

ယူနိုက်တက် ပရိသတ်တွေက ခေါင်းကြီးလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းရားက သူ့အနေနဲ့ အသင်းရဲ့ရလဒ်ဆိုးတွေအပေါ် စိတ်ပျက်နေပြီလို့ဆိုကာ ဒီအခြေအနေဆိုးတွေကနေ အတူတကွ ရုန်းထွက်ဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

အသက် (၂၈) နှစ်အရွယ် မက်ဂွိုင်းရားကိုယ်တိုင်ကလည်း ပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်နေရပြီး ယူနိုက်တက်ကလည်း တည်ငြိမ်တဲ့ ရလဒ်ကောင်းတွေကို ပြသဖို့ လိုအပ်နေဆဲပါ။ ယူနိုက်တက်ဟာ အက်ဖ်အေဖလားပွဲအဖြစ် ဗီလာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ မက်ဂွိုင်းရားက အခုလို ပြောကြားခဲ့ပါတယ်။

မက်ဂွိုင်းရားက “ငါတို့က ပရိသတ်တွေကို စိတ်ညစ်အောင်လုပ်နေပါတယ်။ ဒီအရာကနေ အမြန်ဆုံး ရုန်းထရမှာပါ။ ဒီအသင်းက မနှစ်က လိဂ်မှာ ဒုတိယရခဲ့တယ်။ အခုချိန်မှာ ပိုကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်နေပါပြီ”

“ဒီတော့ မှန်ကန်တဲ့ ရပ်တည်ချက်ကို ငါတို့ ပြဖို့ လိုအပ်ပါတယ်။ အသင်းမှာ နာမည်ကြီးတွေ၊ ခေါင်းဆောင်ကောင်းတွေရှိနေပါတယ်။ ကျနော့်ကိုယ်ကျနော်လည်း စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ဒါမျိုး ရှေ့ဆက်မှာမဟုတ်ပါဘူး”

“ဝေဖန်မှုတွေအများကြီး ကျနော် မြင်တွေ့ခဲ့ရပြီး အများစုက လုံးဝကို မှန်ကန်ပါတယ်။ ပရိသတ်တွေ၊ ကစားသမားဟောင်းတွေ လိုချင်တဲ့ အရာကို ကျနော်တို့ သိပါတယ်။ ကျနော်တို့ တာဝန်အများကြီး ယူရဦးမှာပါ”

“အသင်းခေါင်းဆောင်တယောက်အနေနဲ့လည်း ကျနော်က အများကြီး လုပ်စရာရှိပါတယ်။ ကျနော်တို့ နိုင်ပွဲတွေရယူပြီး အသင်းလိုက် စုစုစည်းစည်း ကစားဖို့ လိုအပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။