ကာကွယ်ဆေးမထိုးတဲ့ ပရီးမီးယားလိဂ်ကစားသမားတွေ မကြာခဏ ဆယ်ရက်၊ ဆယ်ရက်နဲ့ ပွဲပယ်ခံရမယ်

ပရီးမီးယားလိဂ်မှာ ကစားနေပြီး ကိုဗစ် ကာကွယ်ဆေး မထိုးထားတဲ့ ကစားသမားတွေအနေနဲ့ ပိုမိုဆိုးရွားတဲ့ အရေးယူပြစ်ဒဏ် ချမှတ်မှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပြီလို့ သိရပါတယ်။ ဗြိတိန်အစိုးရက စည်းကမ်းအသစ် ချမှတ်ဖို့ရှိနေပြီး ဒါကိုသာ အတည်ပြုလိုက်ရင် ကစားသမားတွေ အခက်တွေ့တော့မှာပါ။

လတ်တလောမှာ ဗြိတိန်အစိုးရက ကာကွယ်ဆေးမထိုးထားတဲ့ ကစားသမားတွေအနေနဲ့ ပြည်ပမှာ အဝေးကွင်းပွဲ ဒါမှမဟုတ် နိုင်ငံတကာပွဲ ကစားပြီး ပြန်လာတဲ့အခါတိုင်း၊ အခါတိုင်းမှာ (၁၀) ရက်ကြာ အသင်းနဲ့ ပူးပေါင်းခွင့်ရရှိမှာမဟုတ်ဘူးလို့ ကနဦး လျာထားပါတယ်။ လက်ရှိအချိန်ထိတော့ ဒီစည်းကမ်းကို အတည်မပြုရသေးပါဘူး။

အတည်ပြုလိုက်မယ်ဆိုရင်တော့ အသင်းတွေအနေနဲ့ သူတို့ရဲ့ အဓိက,ကစားသမားတွေကို လက်လွှတ်ရဖွယ်ရှိပါတယ်။ ကာကွယ်ဆေးအပြည့်ထိုးပြီးပြီလို့ ကြေညာထားတဲ့ ကစားသမားတွေရှိပေမယ့် မထိုးထားတဲ့ ကစားသမားတွေကတော့ ဒါမျိုး ထုတ်ဖော်ကြေညာလေ့မရှိပါဘူး။

အထူးသဖြင့် ပရီးမီးယားလိဂ်က ကြယ်ပွင့်ကစားသမားအများအပြား ကာကွယ်ဆေးမထိုးထားဘူးလို့ သတင်းတွေက ဖော်ပြထားပြီး ဗြိတိန်အစိုးရကသာ ဒီစည်းကမ်းကို အမှန်တကယ် အတည်ပြုခဲ့ရင် အသင်းကြီးတွေပါ ရုန်းကန်ရနိုင်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်အသင်းတွေဟာ ကိုဗစ် ကူးစက်မှုဒဏ်တွေကို အကြီးအကျယ်ခံစားခဲ့ရ၊ ခံစားနေရဆဲပါ။

အိုမီခရွန် ကူးစက်မှုနောက်ပိုင်း ပွဲစဥ်အများအပြားကို ရွှေ့ဆိုင်းခဲ့ရပြီး ပြိုင်ပွဲကို ခဏရပ်နားထားဖို့အထိ ဆွေးနွေးခဲ့တာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကတော့ အသင်းကြီးနဲ့ ယူ-၂၃ ပေါင်း ဂိုးသမားအပါအဝင် (၁၄) ယောက် ကစားနိုင်တယ်ဆိုရင် ပွဲကို ပုံမှန်အတိုင်း ကစားဖို့ ဆုံးဖြတ်ထားပါတယ်။