သားဖြစ်သူ အနိုင်ဂိုးသွင်းပေးခဲ့လို့ ရူးမတက် ပျော်ရွှင်ခဲ့တဲ့ ပေါ်တိုနည်းပြ ကွန်ဆီကာအို

ပေါ်တို အသင်းကတော့ အက်စတိုရေးလ် နဲ့ ကစားခဲ့တဲ့ ပေါ်တူဂီလိဂ်ပွဲမှာ (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပေါ်တို အသင်းဟာ ဒီပွဲအနိုင်ရရင် အမှတ်ပေးဇယား ထိပ်ဆုံးရောက်မှာဖြစ်လို့ ကြိုးစားခဲ့ပေမယ့် ပထမပိုင်းမှာတင် အက်စတိုရေးလ် အသင်းက (၂)ဂိုးသွင်းယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းမှာ ပေါ်တို အသင်းက ချေပဂိုးရဖို့ ပြန်ဖိအားပေးလာခဲ့လို့ ချေပဂိုး(၂)ဂိုး ပြန်ရခဲ့ပါတယ်။

ဒီဂိုးတွေကို တာရီမီနဲ့ ဒီယတ်ဇ် တို့က သွင်းယူခဲ့တာပါ။ပေါ်တို အသင်းဟာ သရေကျနေပေမယ့် အနိုင်ရချင်ခဲ့တာကြောင့် နည်းပြ ကွန်ဆီကာအို ဟာ သားဖြစ်သူ ချီကို ကွန်ဆီကာအို ကို ပွဲချိန်(၈၇)မိနစ်မှာ လူစားလဲထည့်သွင်းခဲ့ပါတယ်။

ချီကို ကွန်ဆီကာအို ဟာ လူစားဝင်ပြီး (၂)မိနစ်အကြာ (၈၉)မိနစ်မှာပဲ ပေါ်တို အသင်း အတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒီဂိုးဝင်ပြီးတဲ့ အချိန်မှာ ပေါ်တို အသင်းတသင်းလုံး ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပြီး ဖခင်ဖြစ်သူက သူ့သားဆီပြေးလာကာ ပွေ့ဖက်နမ်းရှုံ့ပြီးအောင်ပွဲခံခဲ့တာပါ။

ဒီပွဲအနိုင်ရခဲ့တာကြောင့်လည်း ပေါ်တို အသင်းဟာ စပို့တင်းလစ္စဘွန်း အသင်းကို (၃)မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ချီကို ကွန်ဆီကာအို အတွက်တော့ ပေါ်တို အသင်းကြီး အတွက် ဒီရာသီ(၁၈)ပွဲကစားအပြီးမှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ချီကို ကွန်ဆီကာအို အတွက်တော့ အသင်းအတွက် အရေးပါတဲ့ နိုင်ပွဲနဲ့ အတူ ပထမဆုံးဂိုးရခဲ့လို့ ပျော်ရွှင်နေမှာလည်းဖြစ်ပါတယ်။

ပေါ်တို အသင်းဟာ အခုလ(၁၃)ရက်မှာ ပေါ်တူဂီဖလားပွဲစဉ်အဖြစ် ဗီဆယ်လာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။