ရီးရယ်လ် လို ဝတ်ပြီး ခြေစွမ်းက ရပ်ကွက်အဆင့်လို့ အာဆင်နယ် ကို ဝေဖန်ခဲ့တဲ့ ရွိုင်ကိန်း

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ပြုလုပ်နေတဲ့ ရွိုင်ကိန်း ကတော့ နောတင်ဟမ်ဖောရက်စ် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်က အာဆင်နယ် အသင်းရဲ့ခြေစွမ်းကို ဝေဖန်သွားခဲ့ပါတယ်။ဒီပွဲမှာ နောတင်ဟမ်ဖောရက်စ် က (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ် အတွက် တလုံးတည်းသော ဂိုးကို လူစားဝင် တိုက်စစ်ကစားသမား ဂရာဘန် က သွင်းယူသွားခဲ့တာပါ။အာဆင်နယ် အသင်းကတော့ ဒီရှုံးပွဲကြောင့် အက်ဖ်အေဖလား တတိယအဆင့်ကနေ ထွက်သွားရပြီဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေကောင်းနေခဲ့တာကြောင့် ဒီပွဲမှာ ချန်ပီယံရှစ်ကလပ်ကို အနိုင်ရပြီး နောက်တဆင့် တက်မယ်လို့ အားလုံးက တွေးထင်ခဲ့ကြပေမယ့် အထင်နဲ့ လွဲခဲ့တာလည်းဖြစ်ပါတယ်။

ရွိုင်ကိန်းက “တကယ့်အမှိုက်ပါပဲ၊(၂)သင်းလုံးကို ဝေဖန်ရပါမယ်။အာဆင်နယ် ရဲ့အရည်အသွေးပိုင်းကိုလည်း ကြည့်လိုက်ပါဦး သူတို့ဟာ ရီးရယ်လ်လို ဂျာစီကို ဝတ်ဆင်ထားခဲ့တာပါ။ခြေစွမ်းကတော့ ရပ်ကွက်အဆင့်ပါပဲ”

“အလွန်ညံ့ဖျင်းလွန်းပါတယ်။ဘောလုံးပေးပို့မှုတွေ၊ဆုံးဖြတ်ချက်ချတာတွေဟာ တကယ်ကို စိတ်ပျက်စရာအမှိုက်တွေပါပဲ”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ဆုဖလား ရယူနိုင်ခြေရှိတဲ့ ဖလားတွေအဖြစ် အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား (၂)ခုရှိတဲ့ အထဲမှာအက်ဖ်အေဖလား ပြိုင်ပွဲက ထွက်ခွာသွားရတာလည်းဖြစ်ပါတယ်။ကာရာဘောင်းဖလားမှာတော့ အကြိုဗိုလ်လုပွဲအဆင့်ကို ရောက်ရှိနေခဲ့တာပါ။

အာဆင်နယ် အသင်းဟာ ကြားရက်မှာ လီဗာပူးလ် အသင်းနဲ့ ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲကစားရမှာဖြစ်ပြီး ဒါပြီးရင်တော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။