ဥရောပဖလားရဖူးတဲ့အသင်းကိုရှုံးတဲ့အတွက် တောင်းပန်ရမယ်လို့ အာတီတာပြော

မနေ့ညက နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဥ်မှာ အာဆင်နယ်တို့ မထင်မှတ်ဘဲ အဝေးကွင်းမှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။ ဒါဟာ အာဆင်နယ်အတွက်တော့ ပြိုင်ပွဲစုံနှစ်ပွဲဆက်တိုက် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့တာပါ။

ဒါ့အပြင် အာတီတာက အသင်းရဲ့ ဘယ်နောက်ခံလူ တာဗာရက်စ်ကို ပွဲကစားချိန် (၃၄) မိနစ်မှာတင် တီယာနေးနဲ့ လူစားလဲခဲ့ပါတယ်။ တာဗာရက်စ်က ဒဏ်ရာပြဿနာမရှိဘဲ လူစားလဲခံရတာကြောင့် ကွင်းထဲက အထွက်မှာ ဒေါသတကြီး ပေါက်ကွဲခဲ့ပါတယ်။

အသက် (၂၁) နှစ်အရွယ် ဒီကစားသမားကို လူစားလဲခဲ့တာနဲ့ ပတ်သက်လို့ အာတီတာက “ကျနော့်အသင်း စွမ်းဆောင်ရည် တိုးတက်လာဖို့ လုပ်ခဲ့တာပါ။ တယောက်ချင်းနဲ့ ပတ်သက်လို့ ကျနော် ဘာမှမပြောလိုပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) မှာလည်း နော်တင်ဟမ်ဖောရက်စ်ကိုပဲ ဒီအဆင့်မှာ ရှုံးနိမ့်ခဲ့ဖူးပြီး မနေ့ကရှုံးပွဲက အာဆင်နယ်ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဆက်လက်ပြီး အာတီတာက “သူတို့ နိုင်တယ်၊ ဂိုးသွင်းနိုင်ခဲ့ပါတယ်၊ ကျနော်တို့ကတော့ မလုပ်နိုင်ခဲ့ပါဘူး”

“လုံလောက်တဲ့ ပုံစံကောင်းမပြသနိုင်ခဲ့ဘဲ ကျနော်တို့ တောင်းပန်ဖို့ လိုအပ်ပါတယ်။ အကြောင်းပြချက်တွေမပေးလိုပါဘူး။ အသင်းအနေနဲ့ ပုံစံကောင်းပြဖို့ ကျနော်လည်း မျှော်လင့်ခဲ့ပါတယ်။ ဒီပွဲကို အနိုင်ကစားဖို့ ကျနော်တို့ လုံလောက်တဲ့ ကစားပုံ အဆင့်အတန်းကို မပြသနိုင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။