အာဖရိကဖလားပြိုင်ပွဲစပြီး စက္ကန့် (၄၀) မှာတင် ကံကောင်းလို့ အနီမထိခဲ့တဲ့အဖြစ်

မနေ့ညက အာဖရိကဖလားပြိုင်ပွဲကို စတင် ကျင်းပခဲ့ပြီဖြစ်ပါတယ်။ ဒီပြိုင်ပွဲမစတင်ခင်မှာ ကလော့ပ်တို့လို နာမည်ကြီး နည်းပြတွေက သူတို့ရဲ့ အဓိက ကစားသမားတွေကို မစေလွှတ်ပေးတာကြောင့် ပြောစရာဖြစ်ရပ်တွေလည်းရှိခဲ့ပါသေးတယ်။

ဒါ့အပြင် အိုမီခရွန်ကူးစက်မှုတွေ တကျော့ပြန်ဖြစ်ပွားလာတာကြောင့်လည်း ပြိုင်ပွဲကျင်းပဖို့က မသေချာ၊ မရေရာဖြစ်ခဲ့သေးတာပါ။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ သတ်မှတ်ထားတဲ့အတိုင်းပဲ အာဖရိကဖလားပြိုင်ပွဲကို စတင် ကစားခဲ့ပါတယ်။

ပြိုင်ပွဲရဲ့အဖွင့်ပွဲစဥ်အဖြစ် ကင်မရွန်းနဲ့ဘာကီနာဖာဆိုတို့ ထိပ်တိုက်တွေ့ခဲ့ပြီး ကင်မရွန်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘာကီနာဖာဆိုက ပွဲကစားချိန် (၂၄) မိနစ်မှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ပထမပိုင်းမပြီးခင်မှာတင် အဘူဘာကာက ကင်မရွန်းအတွက် ချေပဂိုးနဲ့အနိုင်ဂိုးတွေ သွင်းယူပေးသွားခဲ့တာပါ။

ပြိုင်ပွဲရဲ့ ပထမဆုံးအဝါကတ်ကတော့ ထူးထူးဆန်းဆန်းနဲ့ ပွဲကစားချိန် စက္ကန့် (၄၀) မှာတင် မြင်တွေ့ခဲ့ရပါတယ်။ တကယ်တမ်း ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်က ပွဲကစားချိန် (၂၅) စက္ကန့်မှာဖြစ်ခဲ့တာပါ။

ဘာကီနာဖာဆို ကစားသမား ယာဂိုရဲ့ ကင်မရွန်း ကစားသမား ကောလင်စ်ဖိုင်အပေါ် ဖျက်ထုတ်မှုက ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ပြီး ဒီဖြစ်ရပ်က အနီကတ်တောင် ပြသင့်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးကတော့ သက်ညှာစွာနဲ့ပဲ ပြိုင်ပွဲရဲ့ ပထမဆုံး ပြစ်ဒဏ်ကျူးလွန်မှုမှာ အဝါကတ်ပဲ ပြသသွားခဲ့တာပါ။

အဝါကတ်ပြခဲ့တဲ့အချိန်က စက္ကန့် (၄၀) ဖြစ်ခဲ့တာကြောင့် ပြိုင်ပွဲရဲ့ အမြန်ဆုံးအဝါကတ်တော့ မဖြစ်ခဲ့ဘဲ ပြီးခဲ့တဲ့ (၂၀၁၀) ဇန်နဝါရီက ကစားခဲ့တဲ့ ဂါနာနဲ့ အန်ဂိုလာတို့ပွဲရဲ့ (၃၁) စက္ကန့်မှာ ဂါနာက အန်ဒရီအယူး အဝါကတ်ထိခဲ့ပြီးတဲ့နောက်ပိုင်း အခု ဘာကီနာဖာဆို ကစားသမားရဲ့ အဝါကတ်က အမြန်ဆုံးဖြစ်ခဲ့ပါတယ်။