ဟာလန်းရန်တွေ့တာကိုကြည့်ပြီး သူဘယ်အသင်းပြောင်းမလဲ ပရိသတ်တွေ သိသွားပြီ

ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းဟာ စနေညက ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက် ကစားသမားနဲ့ အချင်းများရင်း စပိန် ဘာသာစကားနဲ့ ပြောဆို တုံ့ပြန်ခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေအရ သိရပါတယ်။ အဲ့ဒီပွဲမှာ ဧည့်သည်ဒေါ့မွန်က ဖရန့်ဖတ်ကို ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဖရန့်ဖတ်တို့ အိမ်ကွင်းမှာ ၂-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒေါ့မွန်ရဲ့ နောက်ကျ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲမှာ ဟာလန်းက ဒေါ့မွန်အတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။

ဒါပေမယ့် ပွဲပြီးခါနီးမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်က ဟာလန်းနဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ ဒေါ့မွန်က ၂-၃ ဂိုးနဲ့ ပြန်လည်ဦးဆောင်ထားချိန် ထောင့်ကန်ဘော အလံတိုင် ထောင့်နားမှာ ဟာလန်းကို ဘော်ရီက ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ဟာလန်းက ဒေါသထွက် တုံ့ပြန်ခဲ့ပြီး စပိန်လို “ဘာဖြစ်ချင်နေတာလဲ ကိုယ့်လူ” လို့ ပြောဆိုခဲ့တဲ့အကြောင်း ရုပ်သံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါကတော့ ဟာလန်း စပိန် စကား သင်ထားပြီဆိုတဲ့ သက်သေတခုပါပဲ။

ဟာလန်းဟာ လာမယ့်နွေရာသီမှာ အသင်းပြောင်းဖို့ ပြင်ဆင်နေပြီး ဥရောပထိပ်တန်းအသင်းကြီးတွေက အပြိုင်အဆိုင် ကြိုးစားနေတာပါ။ ဒါပေမယ့် ဟာလန်းက အခုချိန်မှာ စပိန်စကားကို သင်ယူထားပုံရတာကြောင့် လာလီဂါကိုသာ သေချာပေါက် ပြောင်းရွှေ့မယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။

ဟာလန်းကိုခေါ်ယူဖို့ ရီးရဲယ်မက်ဒရစ်အပြင် ဘာစီလိုနာကလည်း စိတ်ဝင်စားနေပေမယ့် ဟာလန်းကိုခေါ်ယူနိုင်ဖို့က ရီးရဲယ်မက်ဒရစ် တသင်းတည်းသာ တတ်နိုင်ဖွယ်ရှိပါတယ်။