ဘာပဲပြောပြော ရွိုင်ကိန်းထောင်းတာခံရတဲ့ဘဝက မလွတ်တဲ့ မက်ဂွိုင်းရား

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းရား မနေ့ကပြောခဲ့တဲ့ စကားတွေနဲ့ ပတ်သက်လို့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက ဝေဖန်ပြောကြားလိုက်ပြန်ပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်အသင်းခေါင်းဆောင်တယောက်ဖြစ်ပေမယ့် ခြေစွမ်းပိုင်းတည်ငြိမ်ဖို့ ရုန်းကန်နေရတဲ့ ကစားသမားပါ။

ဒါ့အပြင် အသင်းကို ဦးဆောင်နိုင်စွမ်းအပေါ်မှာလည်း မေးခွန်းထုတ်ဝေဖန်ခံနေရတာဖြစ်ပါတယ်။ မက်ဂွိုင်းရားက သူကိုယ်တိုင်လည်း ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ကြိုးစားမှာဖြစ်တဲ့အကြောင်း၊ အသင်းသားတွေအနေနဲ့လည်း အခြေအနေဆိုးတွေကနေ ရုန်းထွက်လာဖို့ လိုအပ်တဲ့အကြောင်း ဖွင့်ဟပြောကြားခဲ့တာပါ။

ဒါပေမယ့် ရွိုင်ကိန်းကတော့ မက်ဂွိုင်းရားရဲ့ အခုလိုပြောကြားမှုတွေအပေါ် လက်မခံခဲ့ဘဲ ထပ်မံဝေဖန်ခဲ့ပါတယ်။ ရွိုင်ကိန်းက “မက်ဂွိုင်းရား ဒီလိုတွေပြောနေတာ ဘယ်နှခါရှိပြီလဲ။ သူ ပြောတာတွေ ကျနော် ထပ်မကြားချင်တော့ဘူးဗျာ”

“ကစားသမားတယောက် ကွင်းထဲမှာ ဘာလုပ်လဲဆိုတဲ့အပေါ်မှာပဲ ကျနော် ဝေဖန်သုံးသပ်ချင်ပါတယ်။ အသင်းသားတွေ အတူတူ ရုန်းထွက်မယ်တို့၊ ကျနော်တို့ ပိုကြိုးစားဖို့ လိုအပ်တယ်တို့ဆိုတဲ့ အမှိုက်လို စကားတွေကို ကျနော်မကြားချင်ပါဘူး”

“သူ ကွင်းထဲမှာဘာလုပ်လဲ ကျနော်ကြည့်မယ်။ ယူနိုက်တက်က လုံလောက်တဲ့ ခြေစွမ်းမျိုး မပြသထားနိုင်ပါဘူး။ အသင်းအနေနဲ့ တခုခု အလှည့်အပြောင်းလုပ်ဖို့ ကျနော် မျှော်လင့်နေဆဲပါ။ ဒါပေမယ့် အခုထိတော့ လုံလောက်တဲ့ ပုံစံကောင်းကို ကျနော်မမြင်တွေ့ရသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

မက်ဂွိုင်းရားဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ဒီညမှာ အက်စတွန်ဗီလာနဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဥ်ကို ကစားရမှာဖြစ်ပြီး ဒီပွဲမှာလည်း မက်ဂွိုင်းရားတယောက် ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။