မြန်မာအတွက် ကိုယ်စားပြုကစားခွင့်ရသွားပြီဖြစ်တဲ့ လီဂါနတ်စ် ကစားသမား အာသာဖ

ပြီးခဲ့တဲ့နှစ် က စပိန်ကလပ် လီဂါနတ်စ် အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ မြန်မာနွယ်ဖွားတိုင်းရင်းသား အာသာဖ ဟာ မြန်မာ့လက်ရွေးစင် အသင်းကို ကိုယ်စားပြုခွင့်ရခဲ့ပြီ ဖြစ်တယ်လို့ သူ့ရဲ့ အင်စတာဂရမ် Story မှာ တင်ပြီး ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။

အာသာဖ ဟာ ရှမ်းလူမျိုးဖြစ်ပြီး ရှမ်းပြည်နယ် ကနေ စပိန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။အာသာဖ ဟာ လီဂါနတ်စ် အသင်းနဲ့ စာချုပ်ချုပ်ခဲ့တုန်းက မြန်မာအသင်းကို ကိုယ်စားပြုပြီး ကစားပေးချင်တယ်လို့ ပြောထားခဲ့တာပါ။

အသက်(၂၀)အရွယ်ရှိ အာသာဖ ဟာ မြန်မာယူ(၂၃)နည်းပြ ပိုပေါ့နဲ့ အဆက်အသွယ်ရှိတဲ့ သူဖြစ်ပြီး မြန်မာယူ(၂၃) အသင်းနဲ့ အတူ ပြိုင်ပွဲတွေမှာ တွေ့မြင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။
အာသာဖ ဟာ သူ့ရဲ့ အင်စတာဂရမ်မှာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုခွင့်ရတာ ဂုဏ်ယူတယ်ဆိုပြီး ရေးသားကာ မြန်မာ အသင်းရဲ့ ကျောနံပတ်(၂၁)ဂျာစီ နဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။

အာသာဖ ဟာ လီဂါနတ်စ် ယူ(၂၃)အသင်းမှာ ကစားနေတာဖြစ်ပြီး မြန်မာလက်ရွေးစင် အသင်းရဲ့ သက်တမ်းလိုက် ဘယ်အသင်းမှာ ကစားမလည်းဆိုတာတော့ ပြောဆိုထားခြင်းမရှိတာပါ။ဒါပေမယ့် သူ့ရဲ့ အသက်အရွယ်အရတော့ ပိုပေါ့ ရဲ့ အသင်းမှာပဲ ကစားဖို့ များနေတာပါ။

မြန်ာယူ(၂၃) အသင်းဟာ အာဆီယံယူ(၂၂) ပြိုင်ပွဲယှဉ်ပြိ်ုင်ဖို့ ရှိနေတာကြောင့် ဒီပြိုင်ပွဲမှာ အာသာဖ ၀င်ရောက်ကစားနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။အာသာဖ အနေနဲ့ ပါ၀င်ခွင့်ရမယ်ဆိုရင် မြန်မာယူ(၂၃) အသင်းအတွက် ဘယ်လောက်ထိ အထောက်အကူဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။