အခုမှပဲ ဘောလုံးသမားတဦးလို ထပ်မံခံစားနေရတယ်လို့ ရင်ဖွင့်လာတဲ့ ဖီးလ်ဂျုံးစ်

မန်ချက်စတာယူနိုက်တက် အသင်းကြီးမှာ ကစားခွင့်ရဖို့ နှစ်ပေါင်း(၂)နှစ်နီးပါးကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဖီးလ်ဂျုံးစ် ကတော့ ဝုလ်ဗ်စ်နဲ့ ပွဲမှာ ပြန်လည်ကစားခွင့်ရခဲ့ပါတယ်။ဖီးလ်ဂျုံးစ် ဟာ ဒီပွဲမှာပါ၀င်ကစားခဲ့ပြီးနောက် ဘောလုံးသမားတဦးလို ပြန်ခံစားနေရပြီလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဖီးလ်ဂျုံးစ် ဟာ ဟာ ဒူးဒဏ်ရာကြောင့် ကာလကြာရှည်အနားယူခဲ့ရပေမယ့် ပြန်ကစားရတဲ့ ပထမဆုံးပွဲမှာ ပရိသတ်တွေ သဘောကျစေမယ့် စွမ်းဆောင်ရည်ကောင်းပြသခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဝုလ်ဗ်စ် အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။

ဖီးလ်ဂျုံးစ် ဟာ ဒီပွဲအပြီးမှာ ပရိသတ်တွေ သူ့နာမည်ကို သီဆိုတာကို ကြားရလို့ မျက်ရည်တွေမထိန်းနိုင်အောင် ဖြစ်ခဲ့ပါသေးတယ်။ဖီးလ်ဂျုံးစ် က “ဘာတွေပဲဖြစ်ဖြစ် ကစားသမားတဦး အချိန်တော်တော်ကြာအောင် မကစားနိုင်ဘူးဆိုရင် ဒါဟာ ခက်ခဲပါတယ်။ကျွန်တော်ပြောချင်တာက ဒီအသင်းကိ်ု ကိုယ်စားပြုပြီး ဂျာစီ၀တ်တဲ့ အချိန်တိုင်း အရာအားလုံးကို အပြည့်အဝပေးဆပ်ထားပါတယ်”

“ဒီကလပ်အတွက် ကျွန်တော့်ရဲ့ သွေး၊ချွေးနဲ့ မျက်ရည်တွေကို ထည့်ပြီး လုပ်နိုင်တဲ့ အရာအားလုံးကို လုပ်ပေးခဲ့ပါတယ်။ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေကို အမြဲတမ်းကျေးဇူးတင်ပါတယ်။ဒီအသင်းဟာ အံသြဖွယ်ကောင်းတဲ့ အသင်းဖြစ်ပြီး အသင်းကိုလည်းကျေးဇူးတင်ပါတယ်”

“ကွင်းထဲမှာရော အသင်းအတွက် ပါအချိန်အကြာကြီးဝေးကွာခဲ့ရတာပါ။ဒါဟာ အလွန်ကြောက်မက်ဖို့ ကောင်းပါတယ်။ဒါပေမယ့် အသင်းဖော်တွေနဲ့ ပြန်ပူးပေါင်းခွင့်ရခဲ့လို့ ကျေနပ်ပါတယ်။အခုမှ ဘောလုံးသမားတဦးလို ပြန်ခံစားရတာဖြစ်ပြီး ခင်ဗျားရဲ့ ခြေထောက်နဲ့ မိုးရွာနေတဲ့ မြက်ခင်းပြင်မှာ ဘောလုံးကို ခံစားလိုက်ရတာက အလွန်ကောင်းမွန်တဲ့ ခံစားချက်ပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

talkSPORT ရဲ့အစီအစဉ်တင်ဆက်သူ ဂိုးလ်စတိန်းက ဖီးလ်ဂျုံးစ် ဟာ အင်္ဂလန်လက်ရွေးစင် နောက်ခံလူတွေဖြစ်တဲ့ တိုင်ရွန်မင်းစ်နဲ့ ဂျွန်စတုန်းစ် တို့ထက် ပိုကောင်းပြီး (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲ၀င်မယ့် အင်္ဂလန်လူစာရင်းမှာတောင် ပါ၀င်နိုင်တယ်လို့ မှတ်ချက်ပေးထားတာပါ။

(၂၀၁၁) က ဘလက်ဘန်း အသင်းကနေရောက်လာခဲ့တဲ့ ဖီးလ်ဂျုံးစ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၂၂၅)ပွဲပါ၀င်ကစားထားပြီး (၆)ဂိုးသွင်းယူထားတာဖြစ်ပြီး ပရီးမီးယားလိဂ်၊အက်ဖ်အေဖလား၊ကွန်မြူနတီဒိုင်းနဲ့ ယူရိုပါလိဂ်တို့ကို ရယူထားတာဖြစ်ပါတယ်။