ဗီလာနဲ့ ပွဲက ဆိုးရွားတဲ့ခြေစွမ်းကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုခံနေရတဲ့ ပရဟိတမင်းသား

အက်စတွန်‌ဗီလာ ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲမှာ တိုက်စစ်ကစားသမား ရက်ရှိဖိုဒ့်ရဲ့ဆိုးရွားတဲ့ ခြေစွမ်းကို ပရိသတ်တွေက ပြစ်တင်ဝေဖန်လိုက်ပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ အက်စတွန်ဗီလာ အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့် စတုတ္တအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး တလုံးတည်းသောသွင်းဂိုးကို ဖရက်ဒ် ရဲ့ဖန်တီးပေးမှုကနေ တိုမီနေးက သွင်းယူခဲ့တာပါ။ဒီပွဲမှာ အက်စတွန်ဗီလာ အသင်း သွင်းဂိုး(၂)ဂိုးရခဲ့ပေမယ့် ဒိုင်လူကြီးက ခွင့်မပြုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ ရက်ရှ်ဖိုဒ့်ရဲ့စိုးရိမ်ဖွယ်ရာခြေစွမ်းနဲ့ အသင်း စွမ်းဆောင်ရည်ကို အထင်မကြီးခဲ့တာလည်းဖြစ်ပါတယ်။တွစ်တာ အသုံးပြုသူတဦးက “ဒီရာသီမှာ ရက်ရှ်ဖိုဒ့် တခုခုမှားယွင်းနေပြီ”လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ်တဦးကလည်း “ရက်ဖိုဒ့်မှာ ဘောလုံးပြဿနာတခုတည်းမဟုတ်ဘဲ တခုခုဖြစ်နေတယ်ဆိုတာ ထင်ရှားပါတယ်။သူမပြုံးတာ လနဲ့ချီနေပါပြီ”လို့ ရေးခဲ့တာပါ။Paddy Power ကလည်း ရက်ရှ်ဖိုဒ့် ဟာ ဂရင်းဝုဒ် ကန်ပြီးပြန်ထွက်လာတဲ့ ဘောလုံးကို ကန်ဖို့ မကြိုးစားတဲ့အတွက် လေးစားတယ်ဆိုပြီး ပြက်ရယ်ပြုခဲ့ပါတယ်။

ဒါ့အပြင် ဒီအပြုအမူဟာ ဂန္တဝင်ဆန်တဲ့ အမူအရာတခုလို့ ပြောရမယ်လို့လည်း ဆိုခဲ့တာပါ။ဘီဘီစီ သတင်းထောက် ဆိုင်မွန်စတုန်းစ် က “ကျွန်တော်နဲ့ နီးစပ်တဲ့ ယူနိုက်တက် ပရိသတ်အချို့က ရက်ရှ်ဖိုဒ့်ကို လုံးဝမကျေနပ်ကြပါဘူး”

“အဂ်လန်သားဟာ လက်ရှိအချိန်မှာ ပုံစံကောင်းရဖို့ ရုန်းကန်နေရပြီး လက်ရှိအချိန်ဟာ သူ့အတွက် မှန်ကန်တဲ့ပုံမပေါ်သေးဘူး”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ရက်ရှ်ဖိုဒ့် ဟာ ပွဲပြီးကာနီးမှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့် ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၄)ပွဲပါဝင်ကစားထားပြီး (၃)ဂိုးသာ သွင်းယူထားနိုင်တာဖြစ်ပါတယ်။