ကုန်းပေါ်မှာဗျင်းရတာရိုးသွားလို့ ပင်လယ်ထဲမှာ ဟိုဘက်ဒီဘက်ရှယ်ဗျင်းခဲ့တဲ့ အေစီနဲ့ ပြိုင်ဘက်ပရိသတ်များ

တနင်္ဂနွေညက ကစားခဲ့တဲ့ ဗီနီဇီယာနဲ့ အေစီမီလန်တို့ပွဲမှာ ဧည့်သည် အေစီမီလန်က အိမ်ရှင် ဗီနီဇီယာကို ၀-၃ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဗီနီဇီယာ အိမ်ကွင်း Pierluigi Penzo မှာ ကစားခဲ့တဲ့ ဒီပွဲကို အေစီမီလန်ရဲ့ အမာခံ ပရိသတ်အချို့က စက်လှေနဲ့ သွားရောက် အားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဗီနီဇီယာရဲ့ အိမ်ကွင်း ဗင်းနစ်မြို့မှာတည်ရှိပြီး ဒီပွဲကို အားပေးဖို့ သွားတဲ့ ရေလမ်းပေါ်မှာတင် အေစီမီလန်ပရိသတ်တွေနဲ့ ဗီနီဇီယာ ပရိသတ်တွေ ပွဲကြမ်းခဲ့တာပါ။

ဗီနီဇီယာ ပရိသတ်တွေကလည်း ရေလမ်းကြောင်းကနေတဆင့်ပဲ ပွဲကြည့်ဖို့ လာရောက်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီမှာ ထိပ်တိုက်တွေခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်အသင်းပရိသတ်တွေဟာ မီးခိုးဗုံးတွေ၊ မီးပန်းတွေနဲ့ အပြန်အလှန် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြပြီး သာမန်မြင်တွေ့နေကျ ပရိသတ်တွေရဲ့ ဖြစ်ရိုးဖြစ်စဥ် ရန်ပွဲထက် ပိုမိုက်တယ်လို့တောင် ပြောရမှာပါ။

ဒီနှစ်သင်း ပရိသတ်တွေ ရန်ဖြစ်နေတဲ့ ဗီဒီယိုကလည်း အွန်လိုင်းပေါ်မှာ တော်တော်လေး ရေပန်းစားလာခဲ့ပါတယ်။

အခုလိုမျိုး ပွဲမတိုင်ခင် အကြီးအကျယ် ပြဿနာတက်ခဲ့ပေမယ့် ပွဲကစားချိန်မှာတော့ ထွေထွေထူးထူး ပြဿနာမရှိခဲ့ဘဲ အေးအေးဆေးဆေး ပြီးဆုံးခဲ့ပါတယ်။ ဗီနီဇီယာဟာ လက်ရှိ ဘောလုံးရာသီမှ စီးရီးအေကို ပြန်လည် တန်းတက်လာခဲ့တာပါ။

ဗီနီဇီယာအနေနဲ့ စီးရီးအေနဲ့ (၁၉) နှစ်ဆက်တိုက် ဝေးကွာခဲ့ပြီးမှ အခုလို တန်းပြန်တက်လာခဲ့တာဖြစ်ပြီး လက်ရှိ အသင်းမှာ ယူနိုက်တက်ဂိုးသမားဟောင်း ရိုမဲရိုးနဲ့ ချဲလ်ဆီးက အငှားချထားတဲ့ အမ်ပါဒူတို့လို ကစားသမားတွေရှိနေပါတယ်။