စပိန်စူပါဖလားပွဲမှာ ရီးရယ်လ် ကို နာကျင်အောင်လုပ်ပြမယ်လို့ ပြောလိုက်တဲ့ ပီကေး

ဘာစီလိုနာနဲ့ ရီးရယ်လ် အသင်းတို့ဟာ မနက်ဖြန်မှာ စပိန်စူပါဖလား အကြိုဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။စပိန်နောက်ခံလူဟောင်း ကတော့ ဘာစီလိုနာ အသင်းဟာ ဆုဖလားတွေရယူနိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောပါတယ်။

ပီကေး က ဒီပွဲဟာ ခက်ခဲမယ်ဆိုတာကို မျှော်လင့်ထားပေမယ့် ကတ်တလန် ကလပ် အနေနဲ့ ရီးရယ်လ် ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ပီကေး က “ဒါဟာ ဆုဖလားဖြစ်ပြိး ကျွန်တော်တို့ အရင်က ပြသခဲ့သလိုပဲ အားလုံးညီတူညီမျှတိုက်ပွဲ၀င်သွားမှာပါ။ဆုဖလားကို ရယူနိုင်ဖို့ ကြီးမားတဲ့ စိတ်ဓါတ်ခွန်အားတွေရှိပါတယ်”

“အကြိုဗိုလ်လုပွဲလည်းဖြစ် အယ်လ်ကလက်ဆီကိုလည်း ဖြစ်လို့ ဒီပွဲဟာ ခက်ခဲမှာပါ။ကျွန်တော်တို့ဟာ တိုးတက်မှုတွေရှိနေပါတယ်။ကျွန်တော်တို့ဟာ ကောင်းမွန်စွာယှဉ်ပြိုင်ပြီး ဗိုလ်လုပွဲကို တက်နိုင်မယ်လို့လည်း အကောင်းမြင်နေပါတယ်”လို့ ပြောပါတယ်။

ရီးရယ်လ် အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရနေတာဖြစ်ပြီး လာလီဂါပြိုင်ပွဲမှာလည်း အမှတ်ပေးဇယား ကို ဦးဆောင်နေသလို ချန်ပီယံလိဂ်မှာလည်း (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ထားတာပါ။ဘာစီလိုနာ အသင်းကတော့ ရလဒ်တွေမကောင်းပဲ ချန်ပီယံလိဂ်မှာလည်း အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ပီကေး က “ရီးရယ်လ် အသင်းဟာ အရင်က အောင်မြင်မှုရခဲ့တဲ့ သူတို့လူစာရင်းကို ဆက်ထိန်းထားနိုင်ခဲ့ ပါတယ်။ကတ်စမဲရိုး၊မိုဒရစ်နဲ့ တိုနီကရူးစ်တို့ဟာ အချင်းချင်းကောင်းမွန်စွာ သိကြပြီး နှစ်တွေတလျှောက် သူတို့ပေးခဲ့တဲ့ စွမ်းဆောင်ရည်တွေက အလွန်မြင့်မားပါတယ်။ဘန်ဇီမာနဲ့ ဗီနီစီးယက်စ်တို့ကလည်း အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေကြပါပြီ”

“ကျွန်တော်တို့ဟာ သူတုိ့အကြောင်းကို ကောင်းမွန်စွာသိပါတယ်။သူတို့က အဆင့်အတန်းမြင့်မားပေမယ့် သူတို့ကို နာကျင်အောင်လုပ်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ လာလီဂါပြိုင်ပွဲအမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရမှတ်(၃၂)မှတ်နဲ့ ရပ်တည်နေတာဖြစ်ပြီး ရီးရယ်လ် အသင်းနဲ့ (၁၇)မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။