ဂျရတ် ဗီလာ ကို ကိုင်တွယ်လို့ တွမ်ဇီဘီ ထွက်ခွာခဲ့ရတာလို့ ပြောလိုက်တဲ့ အေးဂျင့်

မန်ချက်စတာယူနိုက်တက် နောက်ခံလူ တွမ်ဇီဘီ ရဲ့ အေးဂျင့် က သူ့ရဲ့ကစားသမားဟာ ဗီလာနဲ့ အငှားစာချုပ်ကို ဖျက်သိမ်းပြီး နာပိုလီ ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းကို ပြောလိုက်ပါတယ်။တွမ်ဇီဘီ ဟာ ရာသီကုန်တဲ့အထိ အငှားစာချုပ်ချုပ်ဆိုကာ အခုနှစ်ရာသီအစက ဗီလာ ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စာချုပ်ကိုဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး အီတလီကို ပြောင်းရွှေ့ခဲ့တာပါ။ဂျရတ် ကို ဗီလာ အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့မှုက သူ့ရဲ့ဆုံးဖြတ်ချက်မှာ အစိတ်အပိုင်းအနေနဲ့ ပါ၀င်ခဲ့တယ်လို့ အေးဂျင့်ဖြစ်သူ က ပြောခဲ့တာဖြစ်ပါတယ်။သူက မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ် အသင်းကြား ပြိုင်ဆိုင်မှုဟာ အသက်၀င်သွားခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက ပြောခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် ဂန္တ၀င်ကစားသမား ဂျရတ် ဟာ (၂၀၂၁) နို၀င်ဘာက ဒိန်းစမစ်ရဲ့ နေရာမှာ ဗီလာ အသင်းနည်းပြသစ်အဖြစ် တာ၀န်ယူခဲ့တာပါ။တွမ်ဇီဘီ ဟာ ဂျရတ် မရောက်ခင်က ပရီးမီးယားလ်ိဂ်(၆)ပွဲ ပွဲစတည်းက ပါ၀င်ခွင့်ရခဲ့ပေမယ့် သူရောက်လာပြီး အချိန်မှာ ပါ၀င်ခွင့်မရတော့တာဖြစ်ပါတယ်။

တွမ်ဇီဘီ ရဲ့ အေးဂျင့်ဖြစ်သူက “အဲလက်စ် ဟာ သူ့ရဲ့ ကစားသမားဘ၀မှာ ကဏ္ဍသစ်တခုစတင်နိုင်ဖို့ အလွန်စိတ်လှုပ်ရှားနေပါတယ်။အဲလက်စ် ဟာ ဂျရတ်ရဲ့ ပထမဦးစားပေးရွေးချယ်မှု ဗဟိုနောက်ခံလူမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းသိရတဲ့အထိ ထွက်ခွာဖို့ မဆုံးဖြတ်ရသေးပေမယ့် နာပိုလီ ရဲ့ ကမ်းလှမ်းမှုက အလွန်ဆွဲဆောင်မှုရှိပါတယ်”

“ဗီလာနဲ့ အဲလက်စ် ရဲ့ အချိန်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ရောထွေးနေတဲ့ ခံစားချက်တွေ အများကြီးရှိပါတယ်။သူဟာ ချန်ပီယံရှစ်မှာ ကလပ်ရဲ့ အောင်မြင်မှုတွေအတွက် ပံ့ပိုးမှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ခံခဲ့ရပါတယ်”

“ဒါပေမယ့် ဗီလာကို ဂျရတ်ရောက်လာပြီးနောက်မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ် အသင်းတို့ကြား ပြိုင်ဆိုင်မှုဟာ ပိုပြီးအသက်၀င်လာသလို ခံစားခဲ့ရပါတယ်။သံသယတွေကင်းဖို့ အတွက် အဲလက်စ် ဟာ ဗီလာမှာနေဖို့ အလွန်ပွင့်ပွင့်လင်းလင်းရှိခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

တွမ်ဇီဘီ ဟာ ဆမ်ဒိုးရီးယား အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ နာပိုလီအသင်းအတွက် ဒုတိယပိုင်းမှာ လူစားလဲ၀င်ကစားပြီး စီးရီးအေကလပ်အတွက် ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။