ဂိုးဒီလောက်သွင်းပေးထားတောင် တပြားနှစ်ပြားခွာနေတဲ့ လီဗာပူးကို ဆာလာအပြတ်ပြော

လီဗာပူး တိုက်စစ်ကစားသမား ဆာလာဟာ လက်ရှိအချိန်မှာ အီဂျစ် လက်ရွေးစင် အသင်းနဲ့အတူ အာဖရိကဖလားပွဲ ကစားဖို့ သွားရောက် ပူးပေါင်းလျက်ရှိပါတယ်။ ဆာလာဟာ လီဗာပူးအတွက် ချဲလ်ဆီးနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ နောက်ဆုံး ကစားပေးခဲ့တာပါ။

ဒီကစားသမားရဲ့ စာချုပ်သက်တမ်းက (၁) နှစ်ခွဲ ကျန်ရှိနေသေးပေမယ့် ဥရောပ ထိပ်တန်းအသင်းကြီးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် လီဗာပူးအနေနဲ့ အခုတည်းက စာချုပ်သစ် အတွက် ကြိုးစားလျက်ရှိပါတယ်။

ဒါပေမယ့် ကစားသမားနဲ့ အေးဂျင့်ဘက်က ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် တပတ်လုပ်ခ နီးပါး အထိ တောင်းဆိုနေတာကြောင့် လက်ရှိအချိန်ထိ စာချုပ်သစ် မချုပ်ဖြစ်သေးပါဘူး။

ဆာလာအနေနဲ့ တပတ်လုပ်ခ ပေါင် (၅) သိန်း ဝန်းကျင် အထိ အလိုရှိနေပြီး လီဗာပူးဘက်က ကျန် ကစားသမားတွေရဲ့ လစာငွေ ပေါက်ကွဲမှုကို ထိန်းသိမ်းရခက်မှာ စိုးရိမ်တာကြောင့် ဆာလာရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ခက်ခဲနေပါတယ်။

ဒါပေမယ့် ဆာလာလို ကစားသမားမျိုးကို တပတ်လုပ်ခ ပေါင် (၅) သိန်း ပေးသင့်တယ်ဆိုတဲ့ ယူဆချက်တွေရှိနေသလို ကစားသမားဘက်ကလည်း အခုလိုပဲ ပြောလာခဲ့ပါတယ်။ ဆာလာက “ကျနော် လီဗာပူးမှာ ဆက်နေချင်ပါတယ်”

“ဒါပေမယ့် ဒါက ကျနော့်လက်ထဲမှာ မရှိပါဘူး။ လီဗာပူး တာဝန်ရှိသူတွေ လက်ထဲမှာပဲရှိပါတယ်။ ကျနော် ဘာလိုချင်လဲ သူတို့သိပါတယ်။ ကျနော် တောင်းတဲ့ပမာဏက ရူးနှမ်းတဲ့ ပမာဏ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။