ဆန်းချက်စ်ရဲ့အချိန်ပို နောက်ဆုံးမိနစ်ဂိုးနဲ့ ဂျုဗီ ကို အနိုင်ရပြီး အီတလီစူပါဖလားရခဲ့တဲ့ အင်တာ

အီတလီစူပါဖလားပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ရာသီက စကူဒတ်တိုချန်ပီယံ အင်တာမီလန်နဲ့ ကိုပါအီတာလီယာဖလား ချန်ပီယံ ဂျုဗင်တပ်စ် အသင်းတို့ ကစားခဲ့ကြပါတယ်။ဒီပွဲမှာ အင်တာမီလန် အသင်းက အချိန်ပိုမှာ (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရသွားခဲ့ပါတယ်။

ပွဲစတင်တည်းက ဂိုးရဖို့ ကြိုးစားခဲ့တာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့တာဖြစ်ပါတယ်။အင်တာမီလန် အသင်းကတော့ ဂျုဗင်တပ်စ် အသင်းကို အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဂျုဗင်တပ်စ် အသင်းက ဦးဆောင်ဂိုး စတင်ရခဲ့တာဖြစ်ပြီး မက်ကန်နီး က သွင်းယူသွားခဲ့တာပါ။

ဒါပေမယ့် ပထမပိုင်းမှာပဲ မာတီးနတ်စ် က အင်တာမီလန် အတွက် ချေပဂိုးပြန်သွင်းနိုင်ခဲ့တာကြောင့် တဖက်တဂိုးစီ သရေရလဒ်နဲ့ ပထမပိုင်းပြီးဆုံးနေခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ (၂)သင်း လုံးဟာ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပြီး လူစားလဲမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ဒါပေမယ့် ဂိုးမသွင်းနိုင်တဲ့ အတွက် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

အချိန်ပိုမှာလည်း အင်တာမီလန် ကပဲ ဖိအားပေးနေခဲ့ပေမယ့် ဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရနိုင်တယ်လို့ အားလုံးထင်ခဲ့ကြတာပါ။ဒါပေမယ့် အချိန်ပိုနောက်ဆုံးမိနစ်မှာ အင်တာမီလန် အသင်း အနိုင်ဂိုးရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးကို ဂျုဗင်တပ်စ် ဂိုးဧရိယာအတွင်းမှာ နောက်ခံလူ ဘောလုံးထိန်းမှုမသေသပ်တာကို ဒါမီယန် က ဝင်လုခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာ ဂိုးဧရိယာအတွင်းကို ရောက်ရှိလာခဲ့တဲ့ ဆန်းချက်စ် က ရင်ဘတ်နဲ့ တချက်ထိန်းပြီး လျင်လျင်မြန်မြန်ပဲ ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပွဲအပြီးမှာ အင်တာမီလန် အသင်းက (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး အီတလီစူပါဖလား ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။အင်တာမီလန် အသင်း အတွက်တော့ (၂၀၁၀) နောက်ပိုင်း ပထမဆုံးအကြိမ် အီတလီစူပါဖလားကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အင်တာမီလန် အသင်းဟာ အီတလီစူပါဖလားကို အခုတကြိမ်အပါအဝင် (၆)ကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။