ကစားသမားတွေကို အားလပ်ရက်ပေးထားတာ မေ့ပြီး ထရိန်နင်ကို ရောက်ချလာတဲ့ ယူနိုက်တက်နည်းပြ

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ဟာ ပြီးခဲ့တဲ့ အင်္ဂါက အသင်းရဲ့ လေ့ကျင့်ရေးကွင်း ကာရင်တန်ကို တယောက်တည်း ရောက်ချလာခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ရန်းနစ်ဂ်က သူ့ရဲ့ ကစားသမားတွေကို အဲ့ဒီတရက်အတွက် အားလပ်ရက်ပေးထားတာဖြစ်ပြီး သူ့ဘာသူပဲ မေ့လျော့သွားခဲ့တာပါ။

ယူနိုက်တက်နဲ့ဗီလာတို့ အက်ဖ်အေဖလား တတိယအဆင့်ပွဲအပြီး နောက်တရက်မှာ အခုလိုပဲ ရန်းနစ်ဂ်အတွက် ရယ်ရခက်၊ ငိုရခက် ကိစ္စမျိုး ဖြစ်ပွားခဲ့တာပါ။

ရန်းနစ်ဂ်ဟာ လေ့ကျင့်ရေးကွင်း ဝင်ပေါက်မှာ ကိုဗစ် စစ်ဆေးဖို့အတွက် ကားထဲက စောင့်ဆိုင်းနေခဲ့ပြီး စစ်ဆေးမယ့် သူကို လှမ်းအော်ခေါ်နေခဲ့ပါတယ်။

သတင်းရင်းမြစ်တယောက်က “ရန်းနစ်ဂ်က သူ့ကားထဲကနေ ကိုဗစ်စစ်ဆေးမယ့်သူ ဘယ်မှာလဲ လုပ်နေတာပါ။ အဲ့ဒါနဲ့ပဲ သူ့ကို ကစားသမားတွေကို အားလပ်ရက်ပေးထားတယ်ဆိုတာ ပြန်သတိပေးလိုက်ရပါတယ်။ နောက်တော့ သူ ကားမောင်းပြီး ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်”

“အခု ဒီအကြောင်းက လေ့ကျင့်ရေးကွင်းမှာ ပြောစရာဖြစ်နေပြီး ကစားသမားတွေက ဟာသလုပ် နောက်ပြောင်နေကြပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီည (၁၂) နာရီမှာ ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲအဖြစ် အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ဒီပွဲအတွက် ယူနိုက်တက်မှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ရော်နယ်ဒို၊ မက်ဂွိုင်းရားတို့လို အဓိက, ကစားသမားတွေ ပြန်လည် ပါဝင်လာနိုင်တယ်လို့လည်း နည်းပြ ရန်းနစ်ဂ်က ပြောကြားထားပါတယ်။