ကျနော့်အိုင်ဒေါလ်နှစ်ယောက်ရှိတာ၊ သူတို့နှစ်ယောက်လုံးထက် ကျနော်ဆုပိုရထားတယ်လို့ ရော်နယ်ဒိုပြော

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုက သူ့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် ဘရာဇီး ဂန္တဝင်နှစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုကြီးနဲ့ ရော်နယ်ဒင်ဟိုတို့ကို သတ်မှတ်ခဲ့ပြီး လက်ရှိအချိန်မှာ သူက ဒီနှစ်ယောက်လုံးထက် ဆုတံဆိပ်ပိုရထားတယ်လို့လည်း အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။

အဆိုပါ ဘရာဇီး ဂန္တဝင်ကြီးနှစ်ယောက်ဟာ (၂၀၀၂) ကမ္ဘာ့ဖလားမှာ အတူတကွ ခြေစွမ်းပြရင်း ဘရာဇီးအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့သလို ထာဝရ အကောင်းဆုံး ကစားသမားတွေထဲမှာလည်း ထည့်သွင်း သတ်မှတ်ခြင်းခံထားရသူတွေဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ရော်နယ်ဒိုက “ကျနော်က နှိုင်းယှဥ်တာမျိုးတွေ မကြိုက်ပါဘူး။ ရော်နယ်ဒိုကြီးရော၊ ရော်နယ်ဒင်ဟိုရော နှစ်ယောက်လုံးက သူတို့ရဲ့ ဂန္တဝင်ဆန်မှု၊ သူတို့ရဲ့ သမိုင်းတခုကို ချန်ထားရစ်နိုင်ခဲ့ကြသူတွေပါ”

“အချက်အလက်တွေအရ ပြောမယ်ဆိုရင် ကျနော်က သူတို့ထက် တဦးချင်း ဆုတံဆိပ်ပိုရထားပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံးက ကမ္ဘာ့ဖလား ချန်ပီယံတွေဖြစ်ခဲ့ကြပါတယ်။ သူတို့ကို ကျနော် အရမ်းအတုယူခဲ့ရပြီး သူတို့ ကစားတာကို ကြည့်ရင်း ကြီးပြင်းလာခဲ့တာပါ”

“ဘယ်သူက အကောင်းဆုံး၊ ဘယ်သူက ဒုတိယအကောင်းဆုံးလို့ ပြောနေဖို့က အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျနော်ပြောနိုင်တာက သူတို့ဟာ ကျနော့်ရဲ့ စံပြပုဂ္ဂိုလ်တွေဖြစ်ပြီး ဘောလုံးလောကမှာ လှပတဲ့ သမိုင်းကြောင်း တခုကို ချန်ထားရစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ စံပြကစားသမား နှစ်ယောက်လိုမျိုး ကမ္ဘာ့ဖလားမရသေးပေမယ့် ယူရို ချန်ပီယံဆုကိုတော့ ပေါ်တူဂီ အသင်းခေါင်းဆောင်အဖြစ် ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။