ဒေါ့မွန် က ဖိအားပေးလာလို့ အနာဂတ်ကို အမြန်ဆုံး ဆုံးဖြတ်ချက်ချရတော့မယ့် ဟာလန်း

ဟာလန်း က ဒေါ့မွန် အသင်းက ဖိအားပေးတာကြောင့် သူ့ရဲ့ အနာဂတ်ကို အမြန်ဆုံး ဆုံးဖြတ်တော့မယ်လို့ ပြောလိုက်ပါတယ်။ဟာလန်းဟာ ဘောလုံးလောကရဲ့ အတောက်ပဆုံး ကစားသမားတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။

ဒေါ့မွန် အသင်းက ဟာလန်း ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ စိတ်အား ထက်သန်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ဟာလန်းကို ခေါ်ယူဖို့ အသင်းကြီး အများအပြားက စ်ိတ်၀င်စား နေတဲ့အတွက် ကစားသမား ဟာ ဒီရာသီအကုန်မှာ ဂျာမန်ကလပ်ကနေ ထွက်ခွာချင်နေတာပါ။

ဟာလန်း ဟာ ဒီမနက်က ဒေါ့မွန် အသင်းက ဖရိုင်းဘတ် အသင်းကို ၅ဂိုး-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါ ပွဲမှာ အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်း ဟာ ဒီရာသီမှာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲကစားပြီး (၂၁)ဂိုးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်း က “လွန်ခဲ့တဲ့ (၆)လက ဒေါ့မွန်ကို လေးစားလို့ ဘာမှမပြောဖို့ ရွေးချယ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ကလပ်က ကျွန်တော့် ဆုံးဖြတ်ချက်တွေချဖို့ ဖိအားတွေပေးလာပါပြီ။ကျွန်တော်ကတော့ ဘောလုံးကစားချင်တာ ပါပဲ။ဒါပေမယ့် ဒေါ့မွန် အသင်းက အနာဂတ်နဲ့ ပတ်သက်ပြီး အခုဆုံးဖြတ်ချက်ချဖို့ ဖိအားပေးနေတာကြောင့် မကြာခင်မှာပဲ ဆုံးဖြတ်ချက်တခုခု ချရမှာပါ” လို့ ပြောခဲ့တာပါ။

ဆဲလ်ဘတ် အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာလန်းဟာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ (၇၇)ပွဲကစားထားပြီး (၇၈)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဟာလန်းက “သူတို့က ကျွန်တော့်ကို ဖိအားတွေအများကြီးပေးလာပါတယ်။ဒါကို လက်ခံရပါမယ်။ကလပ်နဲ့ ပရိသတ်တွေကိုလေးစားတဲ့ အတွက် ဘာမှမပြောဖို့ကိုရွေးချယ်ခဲ့တာပါ”

“အခုအချိန်မှာ ကလပ်ကနေ ဖိအားတွေ အများကြီး၀င်လာတာကြောင့် ဒီကိစ္စတွေကို လုပ်ဖို့ အချိန်တန်လာပါပြီ။ဆိုလိုတာကတော့ ဒါတွေဟာ အခုဖြစ်ပျက်တော့မယ့် အရာတွေပါပဲ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဟာလန်းနဲ့ ဒေါ့မွန် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဒီရာသီအကုန်မှာ စာချုပ်ဖျက်သိမ်းကြေးဟာ အသက်၀င်လာမှာဖြစ်ပါတယ်။ဟာလန်းကို ခေါ်ယူဖို့ ရီးရယ်လ်၊ဘာကာ၊မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့က အပြိုင်ချိတ်ဆက်နေကြတာဖြစ်ပါတယ်။