ရလဒ်မကောင်းတဲ့ ကြားက ဖြစ်ချင်တိုင်းတွေ ဖြစ်ပြီး ပြဿနာတွေ တက်နေတဲ့ ရက်ဂ်နစ်နဲ့ မာရှယ်

မန်ချက်စတာယူနိုက်တက် အသင်းဟာ အက်စတွန်ဗီလာ အသင်းကို ဦးဆောင်ဂိုး(၂)ဂိုးသွင်းပြီး ချေပဂိုးပြန်ပေးခဲ့ရတာကြောင့် ရမှတ်(၂)မှတ်ဆုံးရှုံးသွားခဲ့သလို ယာယီနည်းပြ ရက်ဂ်နစ် နဲ့ မာရှယ်ကြားမှာလည်း ပြဿနာတွေရှိခဲ့တာဖြစ်ပါတယ်။

ရက်ဂ်နစ် က မာရှယ် ဟာ ဒီပွဲကို မကစားချင်လို့ အသင်းလူစာရင်းထဲ ထည့်သွင်းမလာခဲ့ရတာလို့ ပြောခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမှာ ရက်ရှ်ဖိုဒ့်နဲ့ ရော်နယ်ဒို တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သလို မာရှယ်ကလည်း မပါဝင်ခဲ့တာပါ။

အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်အသင်း ဟာ ဒီပွဲမှာ ကစားသမား(၈)ဦးသာ အရန်ခုံပေါ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။မာရှယ် ဟာ ရက်ဂ်နစ် လက်ထက်မှာ အသင်းအတွက် တပွဲမှ ပါဝင်ရခြင်းမရှိသလို အသင်းက ထွက်ခွာဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

မာရှယ် ဟာ ပုံမှန်ကစားခွင့်ရချင်နေတာကြောင့် အသင်းက ထွက်ခွာဖို့ ဆန္ဒပြင်းပြနေတာပါ။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဗီလာ နဲ့ ပွဲမှာ လူငယ်ကစားသမား အီလန်ဂါ ကို ပွဲထွက်လူစာရင်းမှာ ထည့်သုံးခဲ့ရတာဖြစ်ပါတယ်။

ရက်ဂ်နစ် က “မာရှယ် ဟာ အသင်းမှာ မပါဝင်ချင်ပါဘူး။သူဟာ အသင်းမှာ ပုံမှန်အတိုင်းရှိနေပေမယ့် သူက ဒါကို မလုပ်ချင်ပါဘူး။အဲ့ဒါကြောင့်လည်း သူဟာ ကျွန်တော်တို့နဲ့ မလိုက်ဖြစ်ခဲ့တာပါ”လို့ ပြောခဲ့တာပါ။

မာရှယ် ကတော့ အသင်းအတွက် ကစားပေးဖို့ ဘယ်တော့မှ ငြင်းသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။မာရှယ် က “ကျွန်တော် ဟာ ဒီအသင်းအတွက်ဆို ဘယ်တော့မှ ငြင်းပယ်သွားမှာမဟုတ်ပါဘူး။(၇)နှစ်တောင်ရှိပါပြီ ကျွန်တော်ဒီမှာရှိတာ။အဲ့ဒါကြောင့်လည်း ကလပ်နဲ့ ပရိသတ်ကို ဘယ်တော့မှ မလေးမစားလုပ်မှာမဟုတ်ပါဘူး”

“နောက်လည်း လုပ်မှာမဟုတ်ဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။မာရှယ် ကို ခေါ်ယူဖို့ ဆီဗီလာ အသင်းက ချိတ်ဆက်နေတာဖြစ်ပါတယ်။