အရင်တည်းကမှ စိတ်ကောက်ချင်နေတဲ့ ကောင်လေးလူကာကူကို ပေါ်တင်ကြီးဝေဖန်ပစ်လိုက်တဲ့ တူဟယ်လ်

ချဲလ်ဆီး နည်းပြ သောမတ်စ်တူဟယ်လ်ဟာ မနေ့ညက မန်စီးတီးကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာ လူကာကူရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ လူသိရှင်ကြား ဝေဖန်သွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ မန်စီးတီးကို အဝေးကွင်းမှာ ကစားသမားဟောင်း ဒီဘရိုင်းရဲ့ တလုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးမှာ (၁၃) ဖြတ် ဦးဆောင်နိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် တော်တော်လေး အခြေအနေ ကောင်းသွားခဲ့ပါပြီ။ ချဲလ်ဆီးအနေနဲ့ မန်စီးတီးကွင်းမှာ ဂိုးပေါက်တည့် ကန်ချက် တကြိမ်သာရရှိခဲ့ပြီး အဲ့ဒီတကြိမ်ကလည်း ကြီးမားတဲ့ အပိုင်အခွင့်အရေးဖြစ်ခဲ့တာပါ။

ဒါပေမယ့် လူကာကူကတော့ အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ တူဟယ်လ်က “ကျနော်တို့ ဘောလုံးတွေ အများကြီး ဆုံးရှုံးခဲ့တယ်၊ လွယ်လွယ်လေးနဲ့ကို အများကြီး ဆုံးရှုံးခဲ့တာပါ။ အသင်းက ပြိုင်ဘက်ဧရိယာထဲမှာ ဘောလုံး မထိနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် ဒီလို ရလဒ်မျိုး ထွက်လာတာပေါ့”

“တခါတလေ လူကာကူအနေနဲ့ အသင်းအတွက် လိုအပ်တဲ့ပုံစံအတိုင်း ကစားပေးသင့်ပါတယ်။ သူက ဘာဖိအားမှမရှိဘဲနဲ့ ဘောလုံးတွေအများကြီး ဆုံးရှုံးခဲ့ပြီး တော်တော်ကောင်းတဲ့ အနေအထားတွေမှာပါ ဘောလုံး ဆုံးရှုံးခဲ့တာပါ”

“လူကာကူက အသင်းရဲ့ တစိတ်တပိုင်းဖြစ်ပြီး ပထမပိုင်းမှာ ကျနော်တို့ အများကြီး အများကြီး ပိုကောင်းအောင် လုပ်နိုင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပထမပိုင်းမှာတင် ကျနော်တို့က ခံစစ်ကနေ တိုက်စစ်ကို အများကြီး ကူးပြောင်းနိုင်ခဲ့လို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။