မန်ယူဖန်တွေကို ပါးစပ်ပိတ်ပေးလိုက်တဲ့ပွဲအပြီး ကော်တင်ဟိုရဲ့ ပြောစကားသံများ

မနေ့က ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ယူနိုက်တက်တို့ပွဲမှာတော့ တဖက်နှစ်ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ယူနိုက်တက်တို့ ပွဲကို ဦးဆောင်နိုင်ခဲ့တာပါ။

ဒါပေမယ့် ပွဲပြီးဖို့ (၂၂) မိနစ်အလိုမှာ ဗီလာနည်းပြ ဂျရတ်က လက်ရှိ ဆောင်းရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ အငှားနဲ့ခေါ်ယူထားတဲ့ ကော်တင်ဟိုကို လူစားလဲထည့်သွင်းခဲ့ပါတယ်။ ဒါဟာ ကော်တင်ဟိုအတွက်တော့ ဗီလာ ကစားသမားဘဝ ပထမဆုံးပွဲဖြစ်ခဲ့တာပါ။

ကော်တင်ဟိုဟာ ကွင်းထဲဝင်လာပြီး သိပ်မကြာခင်မှာပဲ အသင်းရဲ့ ပထမချေပဂိုးအတွက် ဖန်တီးပေးခဲ့သလို (၈၁) မိနစ်မှာလည်း အရေးပါတဲ့ ချေပဂိုးကို သူကိုယ်တိုင် သွင်းယူပေးနိုင်ခဲ့ပါတယ်။

ကော်တင်ဟိုဟာ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားတယောက်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပြီး ယူနိုက်တက်နဲ့တွေ့တိုင်း ဂိုးမြူးနေကျ သူ့ရဲ့ အစဥ်အလာကိုလည်း ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။

ပွဲအပြီးမှာ ကော်တင်ဟိုက “ကျနော် ပရီးမီးယားလိဂ်ပွဲစဥ်တွေကို လွမ်းဆွတ်နေခဲ့ပြီး ဒီအသင်းမှာရှိနေတာ၊ အသင်းဖော်တွေအကြောင်းကို သိရတာတွေအတွက် ကျနော် အရမ်း ပျော်ရွှင်မိပါတယ်။ ဒါ ကောင်းမွန်တဲ့ အစတခုဖြစ်ခဲ့ပါတယ်”

“ကျနော်တို့ ပွဲကောင်းတပွဲကို ကစားနိုင်ခဲ့တယ်လို့ထင်ပြီး ပွဲကိုနိုင်သွားနိုင်တယ်ဆိုတဲ့အထိ ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့မရှုံးခဲ့ဘဲ ရှေ့ဆက်သွားရမှာပါ။ နည်းနည်းတော့ စိတ်လှုပ်ရှားခဲ့ပါတယ်။ ကျနော် အင်္ဂလိပ်လို ကောင်းကောင်းမပြောတတ်ဘူးလေ”

“ဒါက ပထမဆုံးပွဲဖြစ်ပြီး ကျနော် ပိုတိုးတက်ဖို့၊ အကောင်းဆုံးပုံစံမှာရှိနေဖို့ ကြိုးစားရမှာပါ။ အားလုံး ပျော်ရွှင်နေကြပြီး ကျနော်လည်း ပျော်ရွှင်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ဗီလာတို့ဟာ တပတ်အတွင်း နှစ်ကြိမ်မြောက် တွေ့ဆုံတာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာက အက်ဖ်အေဖလား တတိယအဆင့်ပွဲစဥ်အဖြစ် တွေ့ဆုံခဲ့တုန်းက ယူနိုက်တက်တို့က အိမ်ကွင်းမှာ တဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။