ခက်ခဲကြမ်းတမ်းတဲ့ နည်းပြလောကအတွက် လိုတာထက်တောင် သက်သေပြထားပြီးဖြစ်တဲ့ ရွန်းနီ

ယူနိုက်တက် ကစားသမားဟောင်း ရွန်းနီ ကိုင်တွယ်နေတဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီဟာ ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက် အမှတ်ပေးဇယား အောက်ဆုံးကနေ အသင်းကို ဆွဲတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အိမ်ကွင်းမှာ ဒါဘီက အသင်းခေါင်းဆောင် တွမ်လောရင့်စ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ နိုင်ပွဲရရှိခဲ့တာပါ။ ဒါဘီဟာ အသင်းပိုင်ဆိုင်မှုအနေအထားနဲ့ ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် (၂၁) မှတ်လျှော့တဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး လာမယ့်ရာသီ လိဂ်ချန်ပီယံရှစ်မှာဆက်နေဖို့တောင် မသေမချာဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံး (၅) ပွဲမှာ (၁၃) မှတ်ရရှိခဲ့တဲ့နောက် ဒါဘီက ဘန်စလေရဲ့ အပေါ်ကို တက်နိုင်ခဲ့ပြီး တန်းဆင်းဇုန်က လွတ်မြောက်ဖို့အတွက် (၈) မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒါဘီဟာ ဘုန်းမောက်၊ ဝက်စ်ဘရွန်း၊ စတုတ်စီးတီးတို့လို တန်းတက်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ အသင်းတွေကို အနိုင်ရရှိခဲ့ပါတယ်။

နောက်ဆုံး (၃) ပွဲမှာ ဒါဘီက ပွဲကစားချိန် (၈၅) မိနစ်၊ (၈၆) မိနစ်၊ မိနစ် (၉၀) နဲ့ (၇၈) မိနစ်တို့မှာ ဂိုးတွေရရှိခဲ့တာဖြစ်ပြီး ရွန်းနီကတော့ သူ့အသင်းကို အကောင်းဆုံး တိုက်ပွဲဝင်စိတ်ဓာတ်တွေ ရိုက်သွင်းပေးနေတယ်လို့ ဆိုရမှာပါ။

ရွန်းနီရဲ့ အခု စွမ်းဆောင်မှုအပေါ်မှာလည်း ပရိသတ်တွေက ကျေနပ်အားရနေကြပြီး မဖြစ်နိုင်တာတွေကို ရွန်းနီတယောက် အကောင်းဆုံး လုပ်ပြနေတယ်လို့ ချီးကျူးထောပနာပြုနေကြပါတယ်။ ဒါ့အပြင် ဒါဘီကို လိဂ်ချန်ပီယံရှစ်မှာ တန်းကျန်ရစ်ခဲ့ဖို့အတွက်လည်း မျှော်လင့်ချက်တွေ ပိုမိုများပြားလာခဲ့ပြီဖြစ်ပါတယ်။

ရွန်းနီဟာ ဒါဘီကို ပြီးခဲ့တဲ့ (၂၀၂၀) မှာ ကစားသမားနည်းပြအဖြစ် စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး (၂၀၂၁) ဇန်နဝါရီ (၁၅) မှာတော့ ကစားသမားဘဝက အပြီးတိုင် အနားယူပြီး အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။