ကိုဗစ်ဖြစ်တဲ့သူတယောက်တည်းရှိတာကို လူမရှိလို့ဆိုပြီး စပါးနဲ့မကန်ရဲဘဲ ထွက်ပြေးတဲ့ အာဆင်နယ်

ဒီညမှာ ကစားဖို့ စီစဥ်ထားတဲ့ စပါးနဲ့အာဆင်နယ်တို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဥ် ရွှေ့ဆိုင်းခဲ့ရတဲ့အပေါ်မှာ စပါးက အကြီးအကျယ် ပေါက်ကွဲပြီး ကန့်ကွက်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ကြားရက်မှာ လီဗာပူးနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် အဝေးကွင်းပွဲစဥ်ကို သွားရောက် ကစားခဲ့ရတာပါ။

အဲ့ဒီပွဲမှာ အာဆင်နယ် ကွင်းလယ်လူ ချာကာ တိုက်ရိုက်အနီကတ်ထိခဲ့ပြီး စပါးနဲ့ပွဲအတွက် အာဆင်နယ်တို့ ကွင်းလယ် ကစားသမား ရှားပါးခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်မှာ လတ်တလော ကိုဗစ်ဖြစ်တဲ့ ကစားသမားက တယောက်တည်းရှိပေမယ့် အာဆင်နယ်တို့ ပွဲကို ရွှေ့ဆိုင်းခွင့်ပေးဖို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ စာတင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဘက်ကလည်း ပွဲစဖို့ (၂၄) နာရီ ဝန်းကျင်သာ လိုတော့ချိန်မှာ ပွဲကို ရွှေ့ဆိုင်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ စပါးကတော့ “တနင်္ဂနွေမှာ ကစားမယ့် အာဆင်နယ်နဲ့ပွဲကို ရွှေ့ဆိုင်းလိုက်တဲ့အပေါ် စိတ်ပျက်မိပါတယ်”

“ဒီလိုရွှေ့ဆိုင်းလိုက်တာက အာဆင်နယ်ဘက်က ကိုဗစ်၊ အသင်းကထွက်တဲ့ ကစားသမား၊ ဒဏ်ရာပြဿနာတွေ၊ အာဖရိကဖလားပွဲ သွားကစားနေတဲ့လူတွေကြောင့် ပွဲကိုရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ရာက အစပြုခဲ့တာပါ။ ဒီတောင်းဆိုချက်ကို ခွင့်ပြုတဲ့အပေါ် ကျနော်တို့ အရမ်းကို အံ့အားသင့်မိပါတယ်”

“ကျနော်တို့က ကိုဗစ်ကြောင့် ပွဲမကစားနိုင်ချိန်မှာ ယူရိုပါကွန်ဖရင့်လိဂ်က ထွက်လိုက်ရတယ်၊ လက်စတာနဲ့ပွဲကို မကစားနိုင်ဘူးလို့ တောင်းဆိုချိန်မှာ ပယ်ချခံခဲ့ရပြီး လက်စတာဘက်က ပြန်တောင်းဆိုမှ ပွဲကိုရွှေ့ပေးခဲ့ပါတယ်။ နောက်ပြီး ကိုဗစ်ပြဿနာပဲလား၊ ဒဏ်ရာပြဿနာတွေနဲ့ ကိုဗစ်ပေါင်းရင်ရော ဒါကအကျုံးဝင်မလားဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်က ပွဲကိုရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ် ဂယ်ရီနဗီးလ်၊ ကာရေဂါတို့က ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပြီး ပရိသတ်တွေကလည်း အာဆင်နယ်ရဲ့ လုပ်ရပ်အပေါ် ဆိုရှယ်မီဒီယာတွေအပေါ်မှာ လှောင်ပြောင်နေကြပါတယ်။