ဘီလ်ဘာအို ကို အနိုင်ယူပြီး စပိန်စူပါဖလားကို ၁၂ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တဲ့ ရီးရယ်လ်

ရီးရယ်လ် အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘီလ်ဘာအို အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ရီးရယ်လ် အတွက် ဂိုးတွေကို ဘန်ဇီမာနဲ့ မိုဒရစ် တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ် အသင်း ဟာ ပထမပိုင်း ပွဲချိန်(၃၈)မိနစ်တည်းက မိုဒရစ်က ဦးဆောင်ဂိုးရယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကို ပွဲချိန်(၅၂)မိနစ်မှာ ဘန်ဇီမာ က ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။

ဒီပွဲရဲ့ပွဲချိန်(၈၇)မိနစ်မှာ ဘီလ်ဘာအို အသင်း ဂိုးရနိုင်မယ့် အခွင့်အရေးကို မီလီတာအို လက်နဲ့ တားဆီးခဲ့သလိုဖြစ်ခဲ့လို့ ရီးရယ်လ် အသင်း ပင်နယ်တီပေးခဲ့ရပြီး မီလီတာအို လည်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ရာအူးလ်ဂါစီယာ ရဲ့ပင်နယ်တီကန်ချက်ကို ကော့တွိုက်စ် ကာကွယ်နိုင်ခဲ့လို့ ဘီလ်ဘာအို အသင်း ချေပဂိုးရမယ့် အခွင့်အရေး လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ရီးရယ်လ် အသင်းကပဲ (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒီပွဲမှာ ရီးရယ်လ် အတွက် တဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ မိုဒရစ် ကတော့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ် အသင်းဟာ အခုတကြိမ်အပါအဝင် စပိန်စူပါဖလားကို (၁၂)ကြိမ်မြောက်ရယူနိုင်ခဲ့တာပါ။စပိန်စူပါဖလားကို ဘာစီလိုနာ အသင်းက (၁၃)ကြိမ်နဲ့ အများဆုံးရယူထားတာလည်းဖြစ်ပါတယ်။

ရီးရယ်လ် အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံရနေတာဖြစ်ပြီး လာလီဂါပြိုင်ပွဲမှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။