ဥရောပမြေကို ပြန်နင်းပြီး တမိနစ်အတွင်းမှာပဲ သူဘာကောင်လဲဆိုတာ သက်သေပြလိုက်တဲ့ နာနီ

နာနီဟာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးကနေ အီတလီ စီးရီးအေကလပ် ဗီနီဇီယာကို လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။ ဒီကစားသမားဟာ အမေရိကန်မြေမှာ ကစားသမားဘဝ နှစ်နှစ်ကြာကို ဖြတ်သန်းခဲ့တဲ့ ကစားသမားပါ။

မနေ့က အမ်ပိုလီနဲ့ ဗီနီဇီယာတို့ ကစားခဲ့တဲ့ပွဲမှာတော့ နာနီက အသင်းသစ်အတွက် ပထမဆုံးပွဲအဖြစ် ဒုတိယပိုင်း (၇၂) မိနစ်မှာ လူစားဝင်လာခဲ့ပြီး (၇၃) မိနစ်မှာပဲ အသင်းရဲ့ ချေပဂိုးအတွက် အကောင်းဆုံး ဖန်တီးပေးခဲ့ပါတယ်။ နာနီဝင်လာတဲ့အချိန်မှာ အသင်းက ၁-၀ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာပါ။

ဒါပေမယ့် နာနီက လူစားဝင်ဝင်လာချင်းမှာပဲ အရာမူနဲ့ လှလှပပ ဝမ်းတူးရိုက်ပြီး အိုကီရီကီရဲ့ သွင်းဂိုးအတွက် အကောင်းဆုံး ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ နာနီအတွက်တော့ စီးရီးအေ အတွေ့အကြုံက ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဘောလုံးရာသီမှာ နာနီက လာဇီယိုမှာ တရာသီ အငှားနဲ့ လာရောက် ကစားခဲ့ဖူးပါတယ်။ နာနီကတော့ ပွဲအပြီးမှာ သူ့အတွက် ကောင်းမွန်တဲ့ ပွဲဦးထွက်ဖြစ်ခဲ့ပြီး အသင်းက အနိုင်ရရှိခဲ့သင့်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် သူ့အနေနဲ့ အသင်းနဲ့အတူ ထရိန်နင် အများအပြား မဆင်းရသေးခင်မှာ အခုလို ကစားခဲ့ရတဲ့အတွက်လည်း စိတ်လှုပ်ရှားမိခဲ့တယ်လို့လည်း နာနီက ပြောကြားသွားခဲ့ပါတယ်။